ပီအက်စ်ဂျီအသင်းနည်းပြ ဂူတီယာက အသင်းမှ ကစားသမားများကို တင်းကျပ်သည့် စည်းကမ်းချက်များ ချမှတ်

ပီအက်စ်ဂျီအသင်းနည်းပြ ဂူတီယာက အသင်းမှ ကစားသမားများကို တင်းကျပ်သည့် စည်းကမ်းချက်များ ချမှတ်

ပီအက်စ်ဂျီအသင်း နည်းပြ ဂူတီယာက ဘောလုံး ရာသီသစ်မတိုင်မီ    အသင်းမှ ကစားသမားများကို လေ့ကျင့်ရေးကွင်း စည်းကမ်းများအပြင် တခြားတင်းကျပ်သည့် စည်းကမ်းချက်များကိုလည်း  ချမှတ်ခဲ့ကြောင်း သိရသည်။

နည်းပြ ဂူတီယာသည် အသင်း၌  အမ်ဘတ်ပီ၊ နေမာ၊ မက်ဆီ၊ ရာမို့စ် စသည့်ကမ္ဘာ့ ထိပ်တန်းကစားသမား အများစုရှိနေသောကြောင့် အသင်း၌ တင်းကျပ်သည့် စည်းကမ်းချက်များ ချမှတ်ရာတွင် အမ်ဘတ်ပီ၊ နေမာ၊ မက်ဆီ  စသည့်ကစားသမားများ အပါအဝင် ကစားသမားအားလုံး လေ့ကျင့်ရေးကွင်းသို့ သတ်မှတ်ချိန်အမီ လာရောက်ရမည်ဖြစ်သည်။

နည်းပြဂူတီယာက အသင်းလေ့ကျင့်ရေး အစီအစဉ် ကို နေ့စဉ် နံနက် ၈ နာရီ ၄၅ မိနစ်တွင် စတင်လုပ်ဆောင်ရန် သတ်မှတ်ထားပြီး ကစားသမား အားလုံးကို သတ်မှတ်ထားသည့်အချိန်   တစ်မိနစ်နောက်ကျမည် ဆိုပါက  နောက်ကျသည့် ကစားသမားများကို   အသင်းလေ့ကျင့်ရေးကွင်းသို့ ဝင်ခွင့်ပေးမည် မဟုတ်ဘဲ  အရေးယူမှုများ ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် နည်းပြဂူတီယာက အစားအသောက် စည်းကမ်းများကိုလည်း တင်းကျပ်ထားပြီး မက်ဆီ၊ နေမာနှင့် အမ်ဘတ်ပီတို့အနေဖြင့် စားသောက်ချိန် အများစုကို အသင်းမှ ကစားသမားများနှင့်သာ စားသောက်ရမည်ဖြစ်သည်။ အဆိုပါ စည်းကမ်းမှာလည်း အသင်း၌ ကမ္ဘာ့ထိပ်တန်း ကစားသမားများနှင့် တခြားကစားသမားများ   ပိုမိုရင်းနှီးမှုရရှိရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြား ထားကာ  စားသောက်ချိန်များတွင်လည်း  မိုဘိုင်းဖုန်းအသုံးပြုခွင့်ရရှိမည် မဟုတ်သည့်   စည်းကမ်းကိုပါ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၅ နှစ်အရွယ်  နည်းပြဂူတီယာသည် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲ၌  အောင်မြင်မှုများ ရရှိထားသည့်နည်းပြတစ်ဦးဖြစ်ပြီး     ပြင်သစ်တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း  သုံးကြိမ်အထိ ရရှိထားကြောင်း သိရသည်။