(၅၄)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေ၊ ငွေဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ
ရန်ကုန် ဇူလိုင် ၂၄
မော်လ်ဒိုက်နိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသော (၅၄)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ရွှေ၊ ငွေဆုတံဆိပ်များ ရရှိခဲ့ကြသော မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကြသည်။
မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါ (၅၄)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ ခေါင်းဆောင်၍ အမျိုးသားအားကစားသမားသုံးဦးနှင့် အမျိုးသမီးအားကစား သမားသုံးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ၇၀ ကီလိုတန်း၌ ရဲထွန်းနောင်က ဒုတိယ(ငွေ)၊ ၅၅ ကီလိုတန်း၌ ကျော်မင်းသန်းက ပဉ္စမ၊ ၈၀ ကီလိုတန်းတွင် ခင်မောင်ကျော်က စတုတ္ထ၊ ၁၅၅ စင်တီမီတာ အမျိုးသမီး Athletic Physique ပြိုင်ပွဲတွင် မီမီကျော်နိုင်က စတုတ္ထ၊ ၁၆၅ စင်တီမီတာ အမျိုးသမီး Athletic Physique ပြိုင်ပွဲတွင် အေးသန္တာခိုင်က ပဉ္စမနှင့် Over 40 yrs တွင် ပထမ(ရွှေ)၊ ၁၆၅ စင်တီမီတာ အမျိုးသမီး Athletic Physique ပြိုင်ပွဲနှင့် Over 40 yrs တွင် ဝတ်ရည်ဖြိုးက စတုတ္ထ အသီးသီး ရရှိကြသည်။
(၅၄)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲသို့ အင်အားကြီးနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ မော်လ်ဒိုက်၊ ထိုင်းနိုင်ငံအပါအဝင် ၂၄ နိုင်ငံမှကစားသမား ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာအားကစားသမားများသည် ၂၀၂၂ ခုနှစ် မေလအတွင်းက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နီးကပ်လျက်ရှိကာ ပြိုင်ပွဲဆက်၍ ပွဲပန်းနေသော်လည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင် ခဲ့ကြကြောင်း သိရသည်။