စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများကို ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင်

စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများကို ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင်

နေပြည်တော်  ဇူလိုင် ၂၄

NUG  အမည်ခံအကြမ်းဖက် အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျောင်းသား၊ ဆရာ၊ မိဘများကို  ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊  မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေး ကဏ္ဍမြင့်မားရေးအား နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကင်းပွန်းခြုံကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် ကျွဲဦးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဆဲဆိုကြိမ်းမောင်း၍ ကျောင်းအတွင်း နေထိုင်ကြသည့် ဆရာ၊ ဆရာမများကို  “ပညာသင်ကြားခြင်းများအား ဆက်လက် မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်ပါက သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ  ဆရာ၊ ဆရာမများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၅ စီးတို့အား လုယက် ယူဆောင် သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။