အမျိုးသမီး ယူရိုပြိုင်ပွဲတွင် ပြင်သစ်အမျိုးသမီး အသင်းက အချိန်ပိုပယ်နယ်တီ သွင်းဂိုးဖြင့် နယ်သာလန် အမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

အမျိုးသမီး ယူရိုပြိုင်ပွဲတွင် ပြင်သစ်အမျိုးသမီး အသင်းက အချိန်ပိုပယ်နယ်တီ သွင်းဂိုးဖြင့် နယ်သာလန် အမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်

အင်္ဂလန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီး ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ်  ကစားခဲ့သည့် ပြင်သစ်အမျိုးသမီး အသင်းနှင့် နယ်သာလန်အမျိုးသမီး အသင်းတို့ပွဲစဉ်တွင် ပြင်သစ် အမျိုးသမီးအသင်းက အချိန်ပိုပယ်နယ်တီ သွင်းဂိုးဖြင့် အနိုင်ရရှိပြီး  ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အပြန်အလှန်ဖိအား ပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့ကြသော်လည်း နှစ်ဖက်စလုံးရှိ တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ပွဲချိန် မိနစ် ၉၀ အတွင်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ထို့နောက် အနိုင်အရှုံးရလဒ် မပေါ်ခဲ့သည့်အတွက် အချိန်ပိုမိနစ် ၃၀  ဆက်လက် ကစားရာတွင်လည်း အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ် ရှိခဲ့သည်။ ပွဲချိန် ၁၀၂ မိနစ်တွင် ပယ်နယ်တီရရှိခဲ့ကာ ပါရီဆက်က ပြင်သစ်အမျိုးသမီး အသင်းအတွက် ပယ်နယ်တီမှတစ်ဆင့် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြင်သစ်အမျိုးသမီး အသင်းက နယ်သာလန် အမျိုးသမီးအသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အမျိုးသမီးယူရိုဆီမီးဖိုင်နယ် အဆင့်တွင် ပြင်သစ် အမျိုးသမီးအသင်းသည် ဂျာမနီအမျိုးသမီး အသင်းနှင့် ကစားရမည်ဖြစ်ပြီး အိမ်ရှင် အင်္ဂလန်အမျိုးသမီး အသင်း သည်  ဆွီဒင်အမျိုးသမီး အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။