ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန် အသင်း ရုပ်သံမူပိုင်ခွင့်များ ရောင်းချ

ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန် အသင်း ရုပ်သံမူပိုင်ခွင့်များ ရောင်းချ

ဘာစီလိုနာအသင်းက လက်ရှိတွေ့ကြုံနေရသည့် အသင်းဘဏ္ဍာရေး အကျပ်အတည်း များကို ဖြေရှင်းပြီး ခေါ်ယူထားသည့် ကစားသမားသစ်များကို ကစားသမား မှတ်ပုံတင်နိုင်ရန်နှင့် ကစားသမားသစ်များ ထပ်မံခေါ်ယူရန်   အသင်း ရုပ်သံမူပိုင်ခွင့်ရာခိုင်နှုန်း တချို့ကို ရောင်းချခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း အသင်းဝင်ငွေ လျော့နည်းချိန်တွင် ကစားသမားများ ကို  မြင့်မားသော လုပ်ခလစာများ ပေးချေနေရသည့် အတွက်  အသင်းဘဏ္ဍာရေး အကျပ်အတည်းများ တွေ့ကြုံနေရပြီး ဒေဝါလီခံရမည့် အရေးနှင့်ပင် တွေ့ ကြုံခဲ့ရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌသစ်အဖြစ် ဘာတိုမြူကို ခန့်အပ်ပြီးနောက် အသင်းအနာဂတ် စီမံကိန်းများကို ပြောင်းလဲခဲ့ပြီး အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းရန်   အစောပိုင်းကလည်း  အသင်းအိမ်ကွင်း အမည်ကို ရောင်းချကာ ဝင်ငွေရှာဖွေမှုများ ပြုလုပ်ခဲ့သကဲ့သို့    အသင်းဂျာစီ စပွန်ဆာသစ်နှင့်လည်း စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းဝင်ငွေ ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ   ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဖြစ်သည့် Six Street  ထံ ဇွန်လအတွင်းက အသင်းရုပ်သံမူပိုင်ခွင့်မှ ၁၀ ရာခိုင်နှုန်းကို ရောင်းချပြီးနောက်  ယခုအခါတွင်လည်း  နောက်ထပ် ၁၅ ရာခိုင်နှုန်းကို   ထပ်မံရောင်းချကာ  စုစုပေါင်း ၂၅  ရာခိုင်နှုန်းကို ၂၅ နှစ်စာချုပ်ဖြင့် ရောင်းချရာမှ ယူရို သန်း ၃၂၀ ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်  ဘာစီလိုနာအသင်းကို ဘာတိုမြူ ဦးဆောင်ပြီး  အသင်းပိုင်ဆိုင်ခွင့်များမှ  ရာခိုင်နှုန်း တချို့ကို ရောင်းချပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူဖြည့်တင်းရန် ကြိုးပမ်းလျက် ရှိကြောင်းနှင့်    လက်ရှိ  ကစားသမား အပြောင်းအရွှေ့ကာလတွင် ခရစ္စတန်ဆန်၊ ကက်ဆီ၊ ရာဘင်ဟာနှင့် လီဝန်ဒေါစကီးတို့ကို ခေါ်ယူထားသော်လည်း ကစားသမားများ ထပ်မံခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။