ယူ-၁၆ နှင့် ယူ-၁၄ လူငယ်လိဂ် ဘောလုံးပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ်တွင် ကျင်းပနိုင်ရန် လျာထား

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၆ နှစ်အောက်နှင့် အသက် ၁၄ နှစ်အောက် လူငယ်လိဂ်  အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ်တွင် ကျင်းပနိုင်ရန် လျာထား ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူလက  တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်းအား ဇုန်လေးခုခွဲပြီး  အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပရန် စီစဉ်ခဲ့သော်လည်း   COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

''ဒီနှစ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို ကျင်းပဖို့ မလွယ်နိုင်တော့ပါဘူး။ အရင်က ယူ-၁၄ ပြိုင်ပွဲပြီး တာနဲ့ ယူ-၁၆ ပြိုင်ပွဲကိုပါ ကျင်းပဖို့စီစဉ် ထားတာပါ။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကလည်း  ခွင့်ပြုမိန့်ရထားပြီးပါပြီ။  ဒါပေမဲ့  COVID-19 ရောဂါအခြေအနေကြောင့် ဒီပြိုင်ပွဲနှစ်ခုစလုံးကို ရွှေ့ဆိုင်းလိုက်ရတာပါ။ လာမယ့်နှစ်ထဲမှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ် ယူ-၁၆ နဲ့ ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲနှစ်ခုစလုံးကို ကျင်းပနိုင်ဖို့ လျာထားပါတယ်'' ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)အနေဖြင့်   တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်  ဇုန်အလိုက်  ယူ-၁၄ ရှုံး ထွက်ဘောလုံးပြိုင်ပွဲများ ကျင်းပနေသော် လည်း ယူ-၁၆ နှင့် ယူ-၁၄ အမှတ်ပေးလိဂ်ပြိုင်ပွဲကို  ပထမအကြိမ်  ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

MFF  သည်  ယခုနှစ်တွင်  လိဂ်-၁၊လိဂ်-၂ အပြင် ယူ-၂၁ နှင့် ယူ-၁၉ လူငယ် လိဂ်ပြိုင်ပွဲများကိုလည်း မြန်မာနေရှင်နယ် လိဂ်ကော်မတီနှင့် ပူးပေါင်း၍ ကျင်းပလျက် ရှိသော်လည်း COVID-19 ရောဂါအခြေ အနေကြောင့် လိဂ်-၁ ပြိုင်ပွဲတစ်ခုသာ ပြီးမြောက်အောင် ကျင်းပနိုင်ခဲ့သည်။