လီဗာပူးအသင်းက လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားအသစ်များ ထပ်မံခေါ်ယူမည် မဟုတ်ကြောင်း နည်းပြကလော့ အတည်ပြု
လီဗာပူးအသင်း နည်းပြကလော့က လက်ရှိ နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလအတွင်း ကစားသမားအသစ်များ ထပ်မံခေါ်ယူမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
လီဗာပူးအသင်းသည် လက်ရှိ နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလအတွင်း ကြီးမားသည့် ကစားသမား အပြောင်းအလဲအဖြစ် အသင်းတိုက်စစ်ပိုင်းမှ မာနေးကို ဘိုင်ယန်မြူးနစ် အသင်းထံ ရောင်းချခဲ့ပြီး ဘင်ဖီကာအသင်းမှ ဒါဝင်နူနက်စ်ကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူအင်အား ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။
လီဗာပူးအသင်း၌ ပြီးခဲ့သည့် ဘောလုံးရာသီက ကစားသမားအများစုသာဆက်ရှိနေမည်ဖြစ်သည့်အပြင် အပြောင်းအရွှေ့ကာလအတွင်း တောင်ပံခံစစ် နေရာအတွက် အဘာဒင်းအသင်းမှ ရမ်ဆေးနှင့် အသင်း ကွင်းလယ်ပိုင်းအတွက် ဖူလ်ဟမ်အသင်းမှ ပေါ်တူဂီကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သည့် ကာဗယ်ဟိုကို ခေါ်ယူခဲ့ပြီးနောက် နည်းပြကလော့က အဆိုပါကစားသမား သုံးဦးသာခေါ်ယူပြီး နောက်ထပ်ခေါ်ယူမည် မဟုတ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နည်းပြကလော့က “လက်ရှိ ကျွန်တော်တို့အသင်းရဲ့ ကစားသမားစာရင်းက ချန်ပီယံဆုတွေကို စိန်ခေါ်ဖို့ အတွက် လုံလောက်နေပါပြီ။ ကျွန်တော်တို့အသင်းက နောက်ထပ်ကစားသမား အသစ်တွေ မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး”ဟု ပြောကြားခဲ့ကြောင်း သိရသည်။