တိုက်စစ်မှူး စီရော်နယ်ဒိုကို တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးမှသာ မန်ယူအသင်းမှ ထွက်ခွာခွင့်ပြုမည်
မန်ယူအသင်းသည် တိုက်စစ်မှူး စီရော်နယ်ဒိုကို မဖြစ်မနေ လက်လွှတ်ရမည်ဆိုပါက စာချုပ်ပါအချက်အလက်များအရ တစ်နှစ်ထပ်မံ သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးမှသာ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အသင်းနည်းပြ တန်ဟတ်က အသင်းမှ ကစားသမားများကို ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက အသင်းနှင့် ရာသီကြိုခြေစမ်းပွဲခရီးစဉ်များ သွားရောက်ရန် ညွှန်ကြားထားသော်လည်း စီရော်နယ်ဒိုက မိသားစု အကြောင်းပြချက်ဖြင့် မန်ယူအသင်းနှင့် လာရောက်ပူးပေါင်းခဲ့ခြင်း မရှိဘဲ အသင်းမှ ထွက်ခွာခွင့်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ပြီးခဲ့သည့်နှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ နှစ်နှစ်စာချုပ်အပြင် တစ်နှစ်သက်တမ်း တိုးခွင့်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိတွင် အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသည်။
စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း လာမည့် ဘောလုံးရာသီတွင် မန်ယူအသင်း အနေဖြင့် ချန်ပီယံ လိဂ်ဝင်ခွင့်နှင့် လွဲချော်ထားသည့်အတွက် မန်ယူအသင်းမှထွက်ခွာပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည့်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ ကစားလိုနေခြင်းဖြစ်ကာ အစောပိုင်းက ပီအက်စ်ဂျီ၊ ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့သို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မန်ယူအသင်းက စီရော်နယ်ဒိုကို အသင်းမှ ထွက်ခွာခွင့်ပြုမည် မဟုတ်သော်လည်း တစ်ရာသီအငှားစာချုပ်ဖြင့်သာ ပြောင်းရွှေ့ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။