ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၂၅

ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲသို့ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှ   တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများမှ  ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်စည်ပင်အသင်းက ကျန်းမာရေးဝန်ကြီး ဌာနအသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ် ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊  ပညာရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်း ကောင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ သည်။

အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပထမအဆင့်ရှုံးထွက်ပြိုင်ပွဲများကို ဇူလိုင် ၂၆ ရက်(ယနေ့) နံနက်၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်