သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

ကျွန်ုပ်တို့နေထိုင်လျက်ရှိသော ဤကမ္ဘာမြေကြီးဟန်ချက်ညီစွာ ရပ်တည်နေနိုင်ရန်အတွက် ဇီဝမျိုးစုံ မျိုးကွဲများစွာပါဝင်သော ဂေဟစနစ်ဖြင့် ထိန်းသိမ်းထားရှိခြင်း ဖြစ်သည်။ ထိုဂေဟစနစ်သည် လူသားတို့၏ပယောဂကြောင့် တဖြည်းဖြည်း ယိုယွင်းပျက်စီး လာနေပြီဖြစ်သည်။ အထူးသဖြင့် သစ်ပင်များကို လွန်ကဲစွာခုတ်ယူနေကြသောကြောင့်ဖြစ်သည်။ ထို့ပြင်ရှားပါး မျိုးစိတ်များကိုပါ သတ်ဖြတ်ရောင်းချနေကြသဖြင့် ဂေဟစနစ်သည် တစ်နေ့တခြား ပိုမိုဆုတ်ယုတ်လာနေပြီဖြစ်သည်။ ဂေဟစနစ်တစ်ခုလုံးအတွက် အခြေခံအကျဆုံးသည် သစ်ပင်များပင်ဖြစ်သည်။ သက်ရှိသတ္တဝါအားလုံးသည် သစ်ပင်များပေါ်တွင် တည်မှီနေကြရသည်။

သစ်တောပြုန်းတီးမှု၏ဆိုးကျိုးများ

သစ်တောပြုန်းတီးမှုများကြောင့် လူသားတို့အပေါ်များစွာသော ဆိုးကျိုးများကို သက်ရောက်စေနိုင်ပါသည်။ အထူးသဖြင့် စက်ရုံ၊   အလုပ်ရုံများမှ ထုတ်လွှတ်လိုက်သော အခိုးအငွေ့များကို စုပ်ယူနိုင်စွမ်းမရှိတော့သဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြား လာခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း၊ အစွန်းရောက် ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လာသဖြင့် မိုးကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းထန်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများ ကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ သေကျေပျက်စီးကြသဖြင့် ဂေဟစနစ်ပျက်ယွင်းလာခြင်း၊ မြေဆီလွှာ တိုက်စားခြင်း၊ ရေလျှံခြင်း၊ လေထုအတွင်း၌ ရေငွေ့ခန်းခြောက်လာခြင်း၊ စားနပ်ရိက္ခာရှားပါးလာခြင်း စသည့်များစွာသော ဆိုးကျိုး များကို ဖြစ်ပေါ်လာစေသည်။

ထို့ပြင် ရာသီဥတုဆိုးရွားစွာ ပြောင်းလဲလာခြင်း၊ မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာပြီး ရေချိုများခန်းခြောက်လာခြင်း၊   ကမ်းခြေများနှင့် ပင်လယ်သမုဒ္ဒရာ ပျက်စီးယိုယွင်းခြင်း၊ တောင်ပေါ်ဒေသမြေဆီ လွှာများပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်း ပျောက်ဆုံးခြင်း၊ ဂေဟစနစ်ယိုယွင်းပျက်စီးမှုများနှင့်အတူ လူသားများအသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ထိခိုက်မှုများ ဖြစ်စေလျက်ရှိသည်။

သစ်တောဖုံးလွှမ်းမှုဧရိယာလျော့နည်းလာ

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တောသယံဇာတ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသောကြောင့် တဖြည်းဖြည်း သစ်တော ဖုံးလွှမ်းမှုဧရိယာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီးလာလျက်ရှိသည်။

သစ်ပင်၏အကျိုးကျေးဇူးများ

ဤကမ္ဘာမြေပေါ်တွင် သစ်ပင်မရှိလျှင် သက်ရှိအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။ သစ်ပင်များသည် လူသားတို့ကို ဘေးအန္တရာယ် ဖြစ်စေနိုင်သော လေထုအတွင်းမှကာဗွန်ဒိုင်အောက်ဆိုက်၊ အနံ့အသက်ဆိုးများ၊ အဆိပ်အတောက်ဓာတ်ငွေ့များ၊ အမှုန်အမွှားများကို စုပ်ယူပြီး အောက်ဆီဂျင်ထုတ်လွှတ်ပေးကြသည်။ ထို့ပြင်ပင်စည်နှင့်အမြစ်များသည် မိုးရေကိုစုပ်ယူထားသဖြင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကိုလည်း ကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် မိုးရေများကိုမြစ်ချောင်းများအတွင်းသို့ တိုက်ရိုက် စီးဆင်းစေခြင်း မရှိဘဲ ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ ထို့ကြောင့် သစ်ပင်သစ်တောပေါများသောဒေသရှိ ပြည်သူများသည် မျှတသည့် ရာသီဥတုကိုသာ ကြုံတွေ့ခံစားကြရသည်။

သစ်ပင်သစ်တောများသည် လူသန်းပေါင်းများစွာအတွက် အစားအစာ၊ သစ်၊ ဝါ၊ ကြိမ်၊ ဆေးဖက်ဝင်အပင် အစရှိသည့် သစ်တော ထွက်ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးသည်။ ထို့ပြင် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှကာဗွန်ကိုစုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့်လေကိုသန့်စင်ပေးခြင်း၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ပေးခြင်း ဝတ်မှုန်ကူးပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ်များ ဖြစ်ပေါ်စေခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကိုလည်း ဖြစ်ပေါ်စေသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ်၊ တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်နှင့်  အခြားထာဝရကုသိုလ်များကဲ့သို့ပင် တူညီသည့် ကုသိုလ်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်သည်။

သစ်ပင်များသည် သက်ရှိသတ္တဝါများ အားလုံး၏ အဓိက အစာကွင်းဆက်ဖြစ်သကဲ့သို့ သက်ရှိသတ္တဝါများ အချိန်နှင့်အမျှ ရှူသွင်းနေ သည့် အောက်ဆီဂျင်ကို ထုတ်ပေးနေသည့် သဘာဝအောက်ဆီဂျင် ထုတ်စက်များလည်း ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် လတ်တလော အကျိုးကျေးဇူးများအပြင် အနာဂတ်မျိုးဆက်များအတွက်လည်း  များစွာသော အကျိုးတရားများကို ရရှိစေသည်။

အမျိုးသားရေးအသွင်ဖြင့် သစ်ပင်စိုက်ပျိုးသင့်

လူသားတိုင်းသည် မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီး သာယာလှပရေးအတွက် သစ်ပင်ကို တန်ဖိုးထားစိုက်ပျိုး တတ်သည့် အလေ့အထရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရာ၌ ပြည်သူများ စိတ်ပါ ဝင်စားလာအောင် ပညာပေး စည်းရုံးဆောင်ရွက် ရလျက်ရှိသည်။ ပရဟိတအဖွဲ့အစည်းများကိုလည်း တိုက်တွန်းအား ပေးသင့်ပါ သည်။ သာဓကအနေဖြင့် မိုးရာသီတွင် ဦးစီးရုံးများ၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အစီအစဉ်ဖြင့် သစ်ပင် စိုက်ပျိုးပွဲတော်များ ပြုလုပ်သွားသင့်ပါသည်။ သို့မှသာလျှင် ပြုန်းတီးသွားသော သစ်ပင်များနေရာတွင် အတိုင်းအတာတစ်ခုအထိ အစားထိုးနိုင်မည်ဖြစ်သည်။

မိုးရာသီတွင်  သစ်ပင်စိုက်ပျိုးသွားရမည်ဆိုသည်ကို လူတိုင်းသိရှိထားပြီး ဖြစ်သည်။ သို့သော် သစ်ပင်ကို ချက်ချင်းစိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်းရှိမည်မဟုတ်ချေ။ ပျိုးထောင်၊ ပေါင်းရှင်း၊ မြေညှိ၊ ကျင်းတူး၊ မြေသြဇာထည့် စသည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမှသာလျှင် စိုက်ပျိုး သောသစ်ပင်သည် ရှင်သန်နိုင်စွမ်းရှိမည်ဖြစ်သည်။ သစ်ပင်တစ်ပင်ကို ပေါင်းမြက်များ ဖုံးလွှမ်းပြီး ရေဝပ် နေသောနေရာများတွင် ချက်ချင်းကျင်းတူး၍ စိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်းသည်အလားအလာနည်း နေမည် ဖြစ်သည်။

သစ်ပင်စိုက်ပျိုးရာတွင် တစ်ပင်စိုက်တစ်ပင် ရှင်သန်စေရန် လိုအပ်ပေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်အနေဖြင့်  သစ်ပင်စိုက်ပျိုးရာတွင်  အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ သစ်စေ့မှတစ်ဆင့် သန်စွမ်းသည့်ပျိုးပင်ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်း ပျိုးပင်ကို မြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီးသစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်း မရှိသည့် သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးသည့် စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန် အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျစီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးရန်အတွက်  လုံလောက်သည့်မြေနေရာ ရှိ/မရှိ၊  စိုက်ပြီးသည့်အပင်များ  ပေါင်းမြက်၊ လောင်းရိပ်များ ရှင်းလင်းပေးမှု ရှိ/မရှိ၊ အပင်များအတွက် အစိုဓာတ်လုံလောက်မျှတမှု ရှိ/မရှိ၊ အပင်ရှင်သန်ကြီးထွားစဉ် စားသုံးရန်လုံလောက်သည့် မြေသြဇာပမာဏ ပြည့်/မပြည့် စသည့်အချက်များအထိ ထည့်သွင်းတွက်ချက် စိုက်ပျိုးကြရမည်ဖြစ်ကြောင်း” ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစု၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ပျိုးသက်နှစ်နှစ်သားနှင့်အထက်၊ အမြင့် ၂ ပေအထက် ပျိုးပင်များရရှိအောင်ပြုစုပျိုးထောင်ပြီးမှသာလျှင် စိုက်ပျိုးသွားသင့်ပေသည်။ ထို့ပြင် သစ်ပင်စိုက်ပျိုးပြီးချိန်မှစ၍ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ မီးဘေးကာကွယ်ခြင်း၊ ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီး ခြင်းမရှိအောင် ကာကွယ်ခြင်း စသည့်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ရာသီအလိုက်ဆက်လက် လုပ်ဆောင်မှသာ စိုက်ပျိုးပြီး အပင်များ ရာနှုန်းပြည့်ရှင်သန်ကြီးထွားအောင် မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ 

စဉ်ဆက်မပြတ်စိုက်ပျိုး

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများသည် နှစ်စဉ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးမှုကို အနည်းဆုံး သုံးကြိမ်ခန့်ပြုလုပ် လျက်ရှိသည်။ နိုင်ငံနှင့်ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ဇူလိုင် ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက် ရောက်ခဲ့ပြီး တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

တပ်မတော်အနေဖြင့် သက်ရှိလောကတည်မြဲရေး၊ ဇီဝမျိုးကွဲများ ရှင်သန်နိုင်ရေး၊ ဂေဟစနစ်တည်မြဲရေး၊ ရေဝေရေလဲ ဒေသထိန်း သိမ်းနိုင်ရေး၊ ရာသီဥတုမျှတရေးဆိုသည့် ကောင်းမွန်သောရည်မှန်းချက်များဖြင့် စဉ်ဆက်မပြတ်စိုက်ပျိုးနေခြင်းဖြစ်သည်။

ထိုသို့စိုက်ပျိုးရာတွင် အရိပ်ရပင်၊ လေကာပင်များအပြင် ရတနာတန်းဝင်ကျွန်းပင်များ၊ ပြည်ပဈေးကွက်ဝင် မျိုးကောင်း မျိုးသန့် သရက်ပင်များလည်း ပါဝင်နေသည်။ မည်သို့ပင်ဆိုစေကာမူ အနာဂတ်မျိုးဆက်များသည် ထိုအသီးအပွင့်များကို ခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၁၅၂ ပင်၊ ပျဉ်းကတိုး ၁၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၁၀၇၆  ပင်၊ စုစုပေါင်း ၄၃၀၄ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊   နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၇၇၀၅၃ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်း သီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ အပင် ၁၁၁၀၀၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄၆၇၆ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၁၁၉၇၀ ပင်၊   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၅၉၀၀ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄၃၀၀ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၇၇၈၅ ပင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ၈၉၃၃ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၀၇၄၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၂၁၀၂၂ ပင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၌ ၉၃၉၅ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၆၅၁၈ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၌ ၉၉၁၅ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၆၄၅၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၂၀၂၀ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန် ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်း၌ စိုက်ပျိုးသည့် ၄၃၀၄ ပင် အပါအဝင် တပ်မတော် တစ်ရပ်လုံး အနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅၀၃၈ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဆိုရလျှင် သစ်ပင်သစ်တောများသည် သက်ရှိလောကတည်မြဲရေးအတွက် များစွာအရေးပါလျက် ရှိသည်။ သစ်တောများ ပြုန်းတီးမှု သည် လူသားနှင့်သက်ရှိ လောကအားလုံးကို ဆင့်ကဲဆိုးကျိုးများကိုသာ ဖြစ်စေနိုင်ပေသည်။ ထိုဆိုးကျိုးများကို ကာကွယ်နိုင်ရန် အတွက် လူသားအားလုံးသည် သစ်ပင်သစ်တောများ အပေါ်တန်ဖိုးထားတတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူသွားရန် လိုအပ်သည်။ လူသားတို့သည် လတ်တလောကိုယ်ကျိုးစီးပွားကိုသာရှုမြင်လျက် သစ်ပင်သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ ရောင်းချ ခြင်းမျိုးကို အထူးရှောင်ရှားသွားရန်လိုအပ်သည်။ ထို့ပြင်  အကျိုးမဲ့ပြုန်းတီးသွားသော သစ်ပင်သစ်တောများနေရာတွင် အစားထိုး သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင်စီမံချက်ဖြင့် စနစ်တကျစိုက်ပျိုးသွားရန်လည်း အရေးတကြီး လိုအပ်နေပြီဖြစ် သည်။

ထို့ကြောင့် နိုင်ငံသားအားလုံးသည် သစ်ပင်ချစ်မြတ်နိုးတတ်သည့် အလေ့အထကောင်းများကို မွေးမြူလျက်သက်ရှိလောက တည်မြဲရေး အတွက် သစ်ပင်များ ပိုမိုရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြပါစို့ဟု တိုက်တွန်းအကြံပြုသွားလိုပါသည်။    ။

မောင်သောင်းဝင်း

(တမန်ဟောင်း)