တိုက်စစ်မှူး စီရော်နယ်ဒို မန်ယူအသင်းနည်းပြ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အသင်းနှင့်အတူ စခန်းသွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်
မန်ယူအသင်း ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုသည် မန်ယူအသင်းနည်းပြ တန်ဟတ် အပါအဝင် အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး အသင်းနှင့် အတူ စခန်းသွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ သစ်မတိုင်မီ စခန်းသွင်း လေ့ကျင့်မှုများကို ယခုလ ပထမရက်သတ္တပတ်က စတင်ပြုလုပ်ခဲ့သော်လည်း စီရော်နယ်ဒိုသည် မိသားစုကိစ္စ အကြောင်းပြချက်ဖြင့် အသင်းနှင့် လာရောက် ပူးပေါင်းခြင်းမရှိဘဲ အသင်းမှ တရားဝင် ထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး အသင်းပြောင်း ရွှေ့ကစားရန် ကြိုးပမ်းခဲ့သူဖြစ်သည်။
အစောပိုင်းက စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း အသင်း၌ ဆက်လက် ကစားမည်ဆိုပါက လာမည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကစားရမည် မဟုတ်သည့်အပြင် အသင်းတွင်လည်း လုပ်ခလစာ ၂၅ ရာခိုင်နှုန်း လျှော့ယူရမည်ဖြစ်သည့်အတွက် ဥရောပ ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီးနှင့် စပို့တင်းလစ္စဘွန်းအသင်းတို့သို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါအသင်း အားလုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့် မပူးပေါင်းမီ အက်သလက်တီကို အသင်းသို့ ပြောင်းရွှေ့ကစားရန် ညှိနှိုင်းခဲ့သော်လည်း အက်သလက်တီကို အသင်းက ခေါ်ယူရန်အစီအစဉ်မရှိဟု ကြေညာပြီးနောက် မန်ယူအသင်းနှင့် ပြန်လည် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
စီရော်နယ်ဒိုသည် မန်ချက်စတာမြို့သို့ ဇူလိုင် ၂၆ ရက်ကရောက်ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်က အသင်း နည်းပြတန်ဟတ်၊ အသင်းအမှုဆောင် အရာရှိချုပ် ရစ်ချက်အာနိုး၊ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်၊ အေးဂျင့်ဂျော့ချ်မန်ဒက်နှင့် စီရော်နယ်ဒိုတို့ တွေ့ဆုံဆွေးနွေးပြီး မန်ယူအသင်း အမှုဆောင်ချုပ် ရစ်ချက်အာနိုးကလည်း ရောင်းချမည်မဟုတ်ဟု ပြောကြားပြီး အသင်းနှင့်အတူ ဇူလိုင် ၂၇ ရက်က စခန်းသွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။