ကျေးလက်လူမှု စီးပွားဘဝမြင့်မားရေး
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀ ရက်)
မြန်မာနိုင်ငံ၏အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး ဖြစ်သည်။ ဤအမျိုးသားရေး လုပ်ငန်း(၂)ရပ်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထု တစ်ရပ်လုံးအတွက် အဓိကဖော်ဆောင်ပေးရမည့် လုပ်ငန်းစဉ်များဖြစ်သည်။
မြန်မာနိုင်ငံတွင် အခြေခံကျသော လူမှုနယ်ပယ်သည် ကျေးလက်ဒေသဖြစ်သည်။ ကျေးလက်ဒေသနေ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နှင့်မြို့ပြများ တစ်ပြေးညီ တိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ သောက်သုံးရေ ဖူလုံစွာရရှိရေး ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း မြင့်မားရေး၊ ကျန်းမာရေး အဆင့်အတန်း မြင့်မားရေးနှင့် ကျေးလက်ဒေသ စီးပွားဖွံ့ဖြိုး တိုးတက်ရေးများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား ပုဂ္ဂလိကငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးဟူသော လုပ်ငန်းစဉ်(၈)ရပ်ကို ဆောင်ရွက်လျက်ရှိသည်။
“မိမိတို့နိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုစနစ်များမှာ အခြားနိုင်ငံများထက် နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များ ရှိခြင်းကြောင့်သာ လူနေမှုစနစ်များ နိမ့်ကျနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက် လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၂ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၆/၂၀၂၂)တွင် ပြောကြားခဲ့သည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးလာရေးတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။ ပညာတတ်များပေါကြွယ်လာမှသာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးတွင်အများစုမှာ မူလတန်းနှင့် အလယ်တန်းအဆင့်သာ တတ်မြောက်ကြသည်။ လူနည်းစုမှာ အထက်တန်း နှင့်အဆင့်မြင့်ပညာ တတ်မြောက်ကြပြီး များသောအားဖြင့် မြို့ပြများတွင် နေထိုင်ကြသည်။ ထို့ကြောင့် ကျေးလက်ဒေသတွင် လူသားအရင်းအမြစ် များလှသော်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် Skill Labourနည်းပါးလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပြီး ပထမအဆင့် အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖွင့်သည့် အထက်တန်းကျောင်းပေါင်း ၅၀ ဖွင့်လှစ်နိုင်ရန် လျာထား စီစဉ်နေပြီဖြစ်သည်။
နိုင်ငံတော်အစိုးရ အနေဖြင့် အဆိုပါကျောင်းများ ဖွင့်လှစ်နိုင်ရန် အတွက် လိုအပ်သော ဆရာများအား သက်ဆိုင်ရာတက္ကသိုလ်၊ သိပ္ပံကျောင်းဆင်းများကို ရွေးချယ်လျက်ရှိပြီး အကူဆရာများ အနေဖြင့် သက်ဆိုင်ရာ ဌာနများမှ တွဲဖက်သင်ကြားပေးမည်ဖြစ်သည်။ အဆိုပါကျောင်းများမှ စိုက်ပျိုးမွေးမြူရေး ဘာသာရပ်ဆိုင်ရာ Skill Labour များကို မွေးထုတ်ပေးနိုင်လျှင် ကျေးလက်ဒေသ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက လူသားအရင်းအမြစ်များကို ဖန်တီးပေးမည့်အပြင် ကုန်ထုတ်လုပ်ငန်းများ အတွက် သွင်းအားစုများ၊ အထောက်အပံ့များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပြီဖြစ်ရာ ပုဂ္ဂလိကကဏ္ဍမှလည်း တက်ညီလက်ညီဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုသည်။ ထိုသို့ဆောင်ရွက်ကြမည် ဆိုပါလျှင် အနာဂတ်ကာလတွင် ကျေးလက်လူမှုစီးပွား မြင့်မား တိုးတက်လာပေမည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေ များပြားသည့် နိုင်ငံကြီးများရှိပေရာ အဆိုပါနိုင်ငံများသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံသည့် ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပြည်သူများနှင့် နိုင်ငံ၏ စီးပွားရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများ များစွာ ထုတ်လုပ်နိုင်မည် ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းလည်း ပေါများလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကျေးလက်လူမှုစီးပွား ဘဝမြင့်မားရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။