ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ဇူလိုင် ၂၉
၀န်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက် ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (တတိယလုပွဲ)ပွဲစဉ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန အသင်းက စက်မှုဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ (ဗိုလ်လုပွဲ)ပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ စတုတ္ထဆု ရရှိသည့် စက်မှုဝန်ကြီးဌာနအသင်းအား ငွေသားဆုငွေကျပ် ၁၀ သိန်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် ၁၅ သိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်သိန်း ၂၀ ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်က လည်းကောင်း၊ ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်သိန်း ၃၀ ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက လည်းကောင်း၊ ပထမဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဒိုင်းဆုကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။