မြန်မာအမျိုးသမီး ယူ-၁၈ အသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်
နေပြည်တော် ဇူလိုင် ၂၉
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီး ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ယနေ့တွင် Athletic Stadium ၌ မြန်မာအသင်းနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက သြစတြေးလျ အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲဆက် အနိုင်ရရှိထားခြင်းကြောင့် ရမှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ပွဲစဉ်တွင် နည်းပြချုပ် ဒေါ်သက်သက်ဝင်းက အဓိကကစားသမား အများစုကို အနားပေးခဲ့ပြီး ပထမပိုင်း ၃ မိနစ်တွင် သြစတြေးလျ အသင်း ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲချိန် ၂၃ မိနစ်တွင် ဇင်မိုးပြည့်က အလွတ်တည်ကန်ဘောမှ တစ်ဆင့် မြန်မာအသင်း အတွက် ချေပဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်း ၆၅ မိနစ်တွင် သြစတြေးလျ အသင်းက အနိုင်ဂိုး ရရှိခဲ့သောကြောင့် နှစ်ဂိုး တစ်ဂိုးရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အုပ်စု(ခ)တွင် သြစတြေးလျ အသင်းက ရမှတ် ၉ မှတ်၊ မြန်မာအသင်းက ရမှတ် ၆ မှတ်ဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့သည်။ သြဂုတ် ၂ ရက်တွင် ကျင်းပမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာ ယူ-၁၈ အသင်းသည် အုပ်စု(က)၏ အုပ်စု ဗိုလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။အုပ်စု(က)တွင် ဗီယက်နမ်နှင့် ထိုင်း အသင်းတို့က ဆီမီးဖိုင်နယ်သို့တက်ရောက် ရန် အလားအလာကောင်းနေကြောင်း သိရသည်။