မန်စီးတီးအသင်းနှင့် ကစားမည့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲတွင် လီဗာပူးအသင်း ဂိုးသမား အလီဆန်ဘက်ကာ ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြ ကလော့အတည်ပြု
မန်စီးတီးအသင်းနှင့် ကစားမည့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲတွင် လီဗာပူးအသင်း အဓိကဂိုးသမား အလီဆန်ဘက်ကာ ပါဝင်နိုင်မည်မဟုတ်ဟု နည်းပြ ကလော့က အတည်ပြု ကြေညာခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမတိုင်မီ မန်စီးတီးအသင်းနှင့် လီဗာပူးအသင်း တို့သည် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအဖြစ် ဇူလိုင် ၃၀ ရက်တွင် လက်စတာအသင်း အိမ်ကွင်းဖြစ်သည့် ကင်းပါဝါ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အလီဆန်ဘက်ကာသည် လီဗာပူးအသင်းနှင့် အတူ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်များတွင် လိုက်ပါခဲ့ပြီး ဇူလိုင် ၁၂ ရက်က ကစားသည့် မန်ယူအသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ပါဝင်ကစားခဲ့သော်လည်း အဆိုပါပွဲစဉ်တွင် ကြွက်သားဒဏ်ရာရရှိပြီးနောက် လူစားလဲ ထွက်ခွာခဲ့ရ ခြင်းဖြစ်သည်။
အစောပိုင်းက အလီဆန်ဘက်ကာ အနေဖြင့် မန်စီးတီးအသင်းနှင့် ပွဲစဉ်တွင် ပါဝင်နိုင်ရန် စောင့်ကြည့်ခဲ့သော်လည်း ၎င်း၏ကြွက်သားဒဏ်ရာမှာ သက်သာခြင်း မရှိသေးသည့်အတွက် အဆိုပါခြေစမ်းပွဲ ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး ရာသီအစပိုင်း ပွဲစဉ်များတွင်ပါ ပါဝင်ခွင့်ရရန် မရေမရာဖြစ်နေသည်။
အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းမှ အလီဆန်ဘက်ကာအပြင် တိုက်စစ်ကစားသမား ဖြစ်သည့် ဂျိုတာသည်လည်း ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။