ဆီဗီလာအသင်း ခံစစ်ကစားသမား ခွန်ဒေးကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်း အတည်ပြုကြေညာ

ဆီဗီလာအသင်း ခံစစ်ကစားသမား ခွန်ဒေးကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်း အတည်ပြုကြေညာ

ဘာစီလိုနာအသင်းက ဆီဗီလာအသင်း ခံစစ်ကစား သမား ခွန်ဒေးကို ခေါ်ယူနိုင်ပြီဟု အတည်ပြုကြေညာ ခဲ့ရာ  မကြာမီ အပြီးသတ်စာချုပ်   ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်  ခွန်ဒေးကို   ချယ်လ်ဆီးအသင်းက   ပြီးခဲ့သည့်နှစ်   နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက    ခေါ်ယူရန် နီးစပ်ခဲ့သော်လည်း စာရွက်စာတမ်းလွှဲပြောင်းမှု  နောက်ကျခဲ့မှုများကြောင့် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ထို့အတူ ချယ်လ်ဆီးအသင်းက လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင်လည်း လိုအပ်ချက်များ ရှိနေသည့် အသင်းခံစစ်ပိုင်းအတွက် ခွန်ဒေးကို ကမ်းလှမ်းခဲ့ပြီး အစောပိုင်းက အကြိုသဘောတူညီမှုများပင် ရရှိခဲ့သော်လည်း  ဘာစီလိုနာအသင်းက ကြားဖြတ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ခွန်ဒေးကိုယ်တိုင်က အစောပိုင်းက ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ထားသော်လည်း  နောက်ပိုင်းတွင် ဘာစီလိုနာအသင်းက ကြားဖြတ်ကမ်းလှမ်းမှုများ ပြုလုပ်လာသည့်အတွက် ဘာစီလိုနာ အသင်းသို့သာ   ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းက ခွန်ဒေးအတွက် ဆီဗီလာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အပြင် အပိုဆုကြေးငွေများ ပေးချေရမည်ဖြစ်ပြီး ခွန်ဒေးအနေဖြင့်လည်း ဘာစီလိုနာအသင်းတွင် တစ်နှစ်လုပ်ခလစာ ယူရို ခြောက်သန်း ရရှိမည်ဖြစ်ကာ ငါးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

ဘာစီလိုနာ အသင်းသည်    ဘဏ္ဍာရေး အကျပ်အတည်းများ တွေ့ကြုံနေရသော်လည်း ကစားသမား ခေါ်ယူမှု အများအပြား ပြုလုပ်ထားပြီး ခရစ္စတန်ဆန်၊ ကက်ဆီ၊ ရာဘင်ဟာ၊ လီဝန်ဒေါစကီးတို့အပြင် ယခု အခါ ခွန်ဒေးကိုပါ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။