ဆီးချိုရောဂါအဖြေရှာ

ဆီးချိုရောဂါအဖြေရှာ

 ဆီးချိုရောဂါသည်တစ်ဦး   မေ့မြောသွားတိုင်း သကြားများလွန်းလို့ မဟုတ်ဘဲ နည်းလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ သတိမေ့မြောပုံမှာ တဖြည်းဖြည်းချင်း မေ့သွားပါက ဆီးချိုသကြားများခြင်းကြောင့်ဖြစ်ပြီး ချက်ချင်းမေ့မြောပါက အင်ဆူလင်ကြောင့်ဖြစ်တယ်။ ဆီးချိုရောဂါသည်တစ်ဦးဟာ သတိလစ်မမေ့မြောမီ အစားများလွန်းရင် ဆီးချိုသကြားများလို့ မေ့မြောသွားနိုင်ပြီး  အစားနည်းလွန်းရင် သကြားနည်းလို့ မေ့မြောသွားနိုင်တယ်။ခေါင်းကိုက်ခြင်းဟာ ဆီးချိုသကြား များလွန်းရင်မရှိဘဲ အင်ဆူလင်ကြောင့်  သကြားနည်းမေ့မြောရင် ခေါင်းကိုက်တတ်တယ်။ အန်ခြင်းဟာ ဆီးချိုသကြားများရင် ရှိတတ်ပြီး အင်ဆူလင်ကြောင့် သကြားနည်းလို့ မေ့မြောခြင်းမှာ မရှိတတ်ဘူး။ စားလိုစိတ်ဟာ ဆီးချိုသကြားများရင် မရှိတတ်ဘဲ အင်ဆူလင်ကြောင့် သကြားနည်းရင် ပုံမှန် သို့မဟုတ် နှေးတတ်တယ်။ချွေးထွက်မှုကြည့်ရင် ဆီးချိုသကြားများရင် မထွက်တတ်ဘဲ အင်ဆူလင်ကြောင့် သကြားနည်းနေရင်  ချွေးထွက်တတ်ပါတယ်။

ဂလူကိုမီတာ တိုင်းကြည့်ရင်မြင့်နေပြီး အင်ဆူလင်ကြောင့်  သကြားနည်းနေရင်နိမ့်နေ၊  အလွန်နည်းနေတတ်တယ်။   ဆီးထဲမှာ သကြားဓာတ်ဟာ ဆီးချိုသကြားများရင် အလွန်များပြီး အင်ဆူလင်ကြောင့် သကြားနည်းရင် သကြားမရှိတတ်ဘူး။ ဆီးထဲမှာအက်ဆီတုန်းဟာ    ဆီးချိုသကြားများရင် ရှိပြီးအင်ဆူလင်ကြောင့် သကြားနည်းရင် အက်ဆီတုန်းမရှိတတ်ဘူး။ ဂလူးကို့စ်ထိုးပေးခြင်းက ဆီးချိုသကြားများရင် ပိုဆိုးတာကြောင့်  မလိုအပ်ဘဲ အင်ဆူလင်ကြောင့် သကြားနည်းရင် ထိုးသင့်ပါတယ်။

သကြားမှာ လူအတွက် အနာဖြစ်လွယ်ခြင်းသာမက ပိုးမွှားများအတွက်လည်း ချိုမြိန်တဲ့ အာဟာရဓာတ်ဖြစ်တယ်။ ခန္ဓာကိုယ်ထဲက သကြားများလွန်းနေရင် ဆီးချိုရောဂါသည်များ ရောဂါပိုးဝင်လွယ်တယ်။ ဆီးချိုရောဂါရှင်များဟာ တော်ရုံပွန်းပဲ့ခြင်း၊ ခလုတ်တိုက်မိသည်နှင့် ပြည်တည်နာ၊ ဖက်ခွက်နာတို့ဖြစ်တတ်တယ်။ လက်သည်းညှပ်ခြင်း၊ သွားကြားထိုးခြင်း၊ ယားလို့ကုတ်ခြင်းမှစတဲ့ အရေပြားပွန်းပဲ့ရင် ရောဂါပိုးဝင်ကာ အနာဖြစ်စေတယ်။အနာဖြစ်ရင် ရောဂါပိုးသေစေတဲ့ လိမ်းဆေး၊ စားဆေးများပေးရုံနဲ့ ရောဂါမပျောက်၊ ဆီးချိုရောဂါကို ကောင်းစွာထိန်းသိမ်း ကုသမှသာပျောက်နိုင်တယ်။ ဆီးချိုရောဂါသည်များကို  အင်ဆူလင်ထိုးရင် ဂရုစိုက်သင့်တယ်။ အင်ဆူလင်ဟာ အဆီများ ပျက်စီးတတ်လို့ နေရာပြောင်း ထိုးသင့်ပါတယ်။

ဆီးချိုရောဂါကို မထိန်းသိမ်း၊  မကုသဘဲထားရင် အဆုတ်တီဘီရောဂါ ရနိုင်ပါတယ်။ မိန်းမများမှာ မိန်းမကိုယ်ထဲ မှိုတက်ခြင်း၊ ယားယံခြင်း ဖြစ်တတ်ပါတယ်။   အသက်ကြီးသူများ အဆုတ်အအေးမိကာ နမိုးနီးယားပိုးဝင်၍ သေဆုံးနိုင်တယ်။

နှလုံးနဲ့သွေးကြောများ ထိခိုက်နိုင်ပါတယ်။  ဆီးချိုရောဂါ ရှိသူတွေမှာ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးသားပုပ်ခြင်း၊ သွေးတိုးရောဂါ၊ ခြေလက်သွေးကြောကျဉ်းတဲ့ ရောဂါများ ရနိုင်တယ်။ ရုတ်တရက် နှလုံးအတိုက်ခံရခြင်း၊ ရုတ်တရက်ဦးနှောက် အတိုက်ခံရခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်နိုင်ပါတယ်။ ခြေလက်များပုပ်လို့  ဖြတ်ထုတ်လိုက်ရခြင်းမျိုး ကြုံရနိုင်တယ်။

မျက်စိကွယ်ခြင်းမှာ မျက်စိသွေးကြောများ ပျက်စီးလို့ ဖြစ်တယ်။  ဆီးချိုမှာ  မျက်စိရောဂါဖြစ်ခြင်းဟာ ထင်ရှားတယ်။

မျက်စိထိခိုက်ခြင်း သို့မဟုတ် ဆီးချိုမျက်စိဆိုရာမှာ ဆီးချိုရောဂါရရင် မျက်စိကိုအမျိုးမျိုး ထိခိုက်ရာ အင်္ဂလန်မှာ အသက် ၃၀ မှ ၆၅ နှစ်ကြား မျက်စိကွယ်သူများမှာ  ဆီးချိုရောဂါကြောင့် ဖြစ်တယ်။ ဆီးချိုရောဂါရသူမှာ အနှစ် ၂၀  ကြာရင် ၈၀  ရာခိုင်နှုန်း

မျက်စိကွယ်နိုင်တယ်။  မျက်စိကွယ်ခြင်းမှာ  မျက်စိသွေးကြောများ ပျက်စီးခြင်း၊ ကျဉ်းသွားခြင်း၊ မျက်စိအတွင်း အရည်ခံပျက်စီးခြင်း၊ အတွင်းအိမ်တည်ခြင်း၊ ရေတိမ်တည်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 အာရုံကြောများ ထိခိုက်ခြင်း ရှိနိုင်ပါတယ်။ ဆီးချိုရောဂါရတာကြာရင်   ခြေလက်များကျဉ်ခြင်း၊ ထုံနာကျဉ်နာခြင်း ၊ကြွက်သားများသေခြင်းဖြစ်နိုင်တယ်။

ဝမ်းတွင်းအင်္ဂါများပေးတဲ့  အာရုံကြောများ ထိခိုက်စေလို့ ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း၊ ပန်းသေခြင်း(အမျိုးသား)ဖြစ်နိုင်ပါတယ်။

 ဆီးချိုခြေထောက်က သတိပြုဖို့သင့်ပါတယ်။

ဆီးချိုရောဂါရှင်များ အထိခိုက်ဆုံး အစိတ်အပိုင်းဖြစ်တယ်။ ဆီးချိုခြေထောက်မှာ အာရုံခံစားမှု မရရှိလို့ သွေးမရောက်လို့ အမျိုးမျိုး ဒုက္ခပေးနိုင်တယ်။ အချို့မှာ လမ်းလျှောက်ရာ နာကျင်လာပြီး နားလိုက်မှ သက်သာသွားတယ်။အချို့မှာ ခြေထောက်အရင်းနဲ့ ဖနောင့်တို့မှာ အသားမာများ၊ အနာကွက်ကြီးများ ဖြစ်တတ်တယ်။အဆိုပါ အနာကွက်ကြီးများဟာ အရိုးထိ လှိုက်စားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ခြေမနဲ့ ခြေချောင်းကလေးများဟာ  ပုပ်ကာကြွေကျနိုင်တယ်။  အာရုံခံစားမှုသိပ်မရှိလို့ မီးနားမှာ ခြေထောက်ထားရင် ခြေထောက် မီးလောင်တတ်တယ်။

ဆီးချိုကျောက်ကပ်တွေ  ထိခိုက်မှုများပါတယ်။

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးသွေးကြော ထိခိုက်သလို ကျောက်ကပ်လည်း အမြဲထိခိုက်တယ်။ ဆီးချိုရောဂါ သက်ကြာလေ ကျောက်ကပ် ထိခိုက်လေဖြစ်တယ်။အစပထမမှာ ဆီးသွားကာ  နောက်ပိုင်းမှာ ဆီးသွားနည်းကာ ကိုယ်ဖောရောင်ခြင်း၊ အဆုတ်ထဲရေဝင်ခြင်း၊ ယားယံခြင်း၊ သတိမေ့မြောခြင်း ဖြစ်နိုင်ပါတယ်။

ဆီးချိုသက် ၁၀ နှစ်၊ ၁၅ နှစ်ရှိသူများ ကျောက်ကပ်ပျက်စီးလို့  ယူရီးယားအဆိပ်ကြောင့် သွေးတိုးလည်း ပိုပြီးဆိုးလာနိုင်ပါတယ်။

ဆီးချိုကုသရာမှာနှစ်မျိုးရှိတယ်။   ရောဂါနုစဉ် လက္ခဏာများ မပြင်းထန်ရင်   အစားအသောက် ဆင်ခြင်ရုံနဲ့ ရနိုင်ပါတယ်။ မိသားစု ဆရာဝန်နဲ့ပြသသင့်တယ်။  ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း လိုက်နာနေထိုင်ပါက   အခြားလူကောင်းလို   သက်တမ်းစေ့နေနိုင်ပါတယ်။  ရောဂါရှင်များအနေနဲ့ ဆီးချိုရောဂါ ဆိုတာ ချက်ချင်းသေစေနိုင်တဲ့ ရောဂါမဟုတ်ပါ။ ကိုယ့်ရဲ့ ဆီးနဲ့သွေးကို ဆီးချိုတိုင်းစက်(Glucometer)နဲ့နံနက် အိပ်ရာထထချင်း တိုင်းတာကြည့်ကာ လိုအပ်သလို မိမိဘာသာ ကုသနိုင်ပါတယ်။

ရောဂါပိုးမဝင်အောင် အစားအသောက် မမှားအောင် ဂရုစိုက်ရင် ပုံမှန်နေတာရနိုင်ပါတယ်။ မမျှော်လင့်တဲ့ အကြောင်းတစ်ခုခုကြောင့် ဆီးချိုဆိုးလာပါက ထိခိုက်ဒဏ်ရာရပါက သတိမေ့မြောကာ အခြားသူများက အလွယ်တကူ ကူညီနိုင်အောင် ကိုယ်ပေါ်မှာ ကိုယ့်ရဲ့ လိပ်စာ၊ နေရပ်၊ ဖုန်းနံပါတ်၊ အသက်၊ သွေးသကြား ပမာဏ၊ လိုအပ်တဲ့ဆေးနဲ့ ဆီးချိုရောဂါရှင်ဖြစ်ကြောင်း ရေးသားထားတဲ့ ဆွဲကြိုး  သို့မဟုတ် လက်ပတ်များ ဝတ်ဆင်ထားသင့်ပါတယ်။

မပြင်းထန်တဲ့ ဆီးချိုကုသရာမှာ အစားအသောက်ကို အဓိကထားပြီး ကုသပါတယ်။ အချိုဓာတ်ထိန်းထားပါတယ်။ ဆီးချိုလူနာဟာ  အဝလွန်တတ်တာကြောင့် ကိုယ်အလေးချိန် လျော့အောင် ရှောင်စားသင့်ပါတယ်။

အစာမရှိရင် မူးဝေတတ်ကာ ချက်ချင်းမူးမေ့ မသွားဖို့ ချိုချဉ် သို့မဟုတ် ဂလူးကို့စ် သို့မဟုတ် ကိတ်မုန့်၊ ပေါင်မုန့် ဆောင်ထားသင့်ပါတယ်။  အစားအသောက်ကို နေ့စဉ်နှစ်ကြိမ် သုံးကြိမ်စားခြင်းထက် နည်းနည်းနဲ့ အကြိမ်များများ စားပေးသင့်တယ်။   အတိအကျ ဘယ်လိုစားရမယ်ဆိုတာ တွက်ချက်ပေးတယ်။

ရိုးရိုးလူတစ်ယောက် တစ်နေ့ကယ်လိုရီ  ၃၀၀၀ အားလိုပေမယ့်  ဆီးချိုရောဂါရှိပြီးဝသူများ ကီလို ၁၀၀၀ မှ ၂၀၀၀ အတွင်းသာ စားသင့်တယ်။ အသက်ကြီးမှ ဆီးချိုရောဂါရလို့ ရောဂါရှုပ်ထွေးမှုများ မရှိရင် တစ်နေ့တစ်ခါထိုးရတဲ့ အင်ဆူလင်(NPH,Lende,P21)ထိုးနိုင်ပါတယ်။

ဆီးချိုရောဂါအနည်းငယ် ပိုဆိုးပါက သွေးသကြားပမာဏ အမြဲပြောင်းနေရင် တစ်နေ့တစ်ခါ ထိုးရတဲ့အင်ဆူလင်(NPH or Lende)ကိုပေးရတယ်။သိပ်ဆိုးရင် ပျော်လွယ်တဲ့ အင်ဆူလင်ကို   တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထိုးပေးရပါတယ်။

တကယ်လို့ဆီးချိုရောဂါရှင်မှာ အနာရှိရင် ကီတုန်းပစ္စည်း ထွက်ရင် သတိမေ့မြောမယ် ဆိုရင်   ခွဲစိတ်ကုသရပါတယ်။ ကလေးမွေးမယ်ဆိုရင် အချိန်တိုတိုနဲ့ အစွမ်းပြတဲ့  ပျော်လွယ်တဲ့ အင်ဆူလင်ထိုးပေးရပါတယ်။ အဆိုပါ အင်ဆူလင်နဲ့အတူ ကိုယ်တွင်းရည်နဲ့ ဓာတ်ဆားများအတွက်လည်း လိုအပ်တဲ့ ကုသမှုများ ပေးကြရပါတယ်။ အင်ဆူလင်များကို သူတို့ရဲ့စွမ်းအားအလိုက် ၄၀ ယူနစ် သို့မဟုတ်  ၈၀ ယူနစ်လို့ သတ်မှတ်ထားကာ လိုအပ်တဲ့အင်ဆူလင်ယူနစ် သို့မဟုတ် ဆေးများ ပြုလုပ်ယူရတယ်။ ယခုအခါ ၄၀ ယူနစ်နဲ့ ၈၀ ယူနစ်အစား ၁၀၀   ယူနစ်အင်ဆူလင်များ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှာ ရောင်းချနေပြီဖြစ်တယ်။

ပါးစပ်မှစားသောက်ရတဲ့ အင်ဆူလင်မှာ မက်ဖော်မင်(Metformin 500mg)၊  ဂရစ်(Glidze- 80 mg)၊ တာဗျူတမိုက်(Tolbutamide)အနေနဲ့ တစ်မျိုးထက် ပိုပြီးတွဲပေးတတ်ပါတယ်။ ဆီးချိုစားဆေး တစ်မျိုးထက် ပိုပြီးပေးခြင်းက  ဆေးယဉ်ပါးမှုနည်းကာ ဘေးထွက်ဆိုးကျိုးနည်းပါးလို့ အစွမ်းလည်းထက်မြက်ပါတယ်။ ဆီးချိုလူနာများအတွက် ဝမ်းသာစရာဖြစ်တယ်။ ။

ဒေါက်တာ လွင်သန့်