စာပေအိမ်တံခါးဖွင့်ထားလိုက်ပါ

စာပေအိမ်တံခါးဖွင့်ထားလိုက်ပါ

လူအများတွင် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီရှိပေသည်။ အဆိုပါ စိတ်ကူးကလေးများသည် လောကသဘာဝအရ အမျိုးမျိုးအဖုံဖုံရှိနိုင်ပြီး ဆန်းသစ်သော စိတ်ကူးကလေးများလည်း ပါဝင်နိုင်ပေသည်။ အတွေးမှ စကားလုံးများ အသွင်ပြောင်းလဲပြောဆိုကြပြီး အချို့သော အတွေးစိတ်ကူးများကို စာရေးသား၍ ဖော်ထုတ်ကြသည်။  လောကသဘာဝအလှအပနှင့်   ခံစားမှုဆိုင်ရာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကို ထင်ဟပ်သည်အထိ ရေးဖွဲ့နိုင်စွမ်းရှိသည်။ ကြုံတွေ့ခဲ့ရသည့် လောကဓံများကို တစ်လွှာချင်းချွတ်ခဲ့ရသူတိုင်း ဖြေရှင်းနိုင်စွမ်း၊ ရုန်းထွက်နိုင်စွမ်းကိုပြသလိုသည်။  အပြောနှင့် မလုံလောက်သည့် ရှင်းလင်းတင်ပြလိုမှုကို အရှိအတိုင်း စာရေးသားမျှဝေမှုဖြစ်သည်။ မြင်အောင်ကြည့် သိအောင်ကြိုးစား၍ ရေးသားလျှင် ပြောင်မြောက်သည့် ဘဝရသကို ဖော်ကျူးနိုင်သဖြင့် ရေးသူဖတ်သူ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေသည်။

မျိုးဆက်သစ် လူငယ်များ၏   စာပေရေးသားမှုကို ကြိုဆိုရမည်။ လူငယ်၏ စိတ်ပြတင်းပေါက် ဖွင့်လှစ်ရေးသားမှုကို လေ့လာဖတ်ရှုကြရပါမည်။ဝေဖန်သံအချို့ကို မျှော်လင့်သော်ငြား လူငယ်များ၏ စိတ်ပြတင်းပေါက်ကလေးများ ပိတ်မသွားအောင် ထိန်းသိမ်းတည့်မတ်ရမည်။ လူ့ဘဝတစ်လျှောက် ဖြတ်သန်းမှု၊ ခံနိုင်ရည်ရှိမှု မတူညီသဖြင့် အပြစ်တင်စကားအစား ချစ်ခင်မှုဖြင့် ဝိုင်းဝန်းဖေးမခြင်းများကသာ အလိုအပ်ဆုံးဖြစ်သည်။ အသက်အရွယ်အလိုက် သင်ကြားမှုဖြစ်စဉ်များတွင် အရေး၊ အဖတ်ရင်းရင်းနှီးနှီး ပါဝင်သည်။အရေးအဖတ် တွေးမှတ်စရာများ  ကျယ်ပြန့်လာသည့် အလျောက် ပြင်ပဗဟုသုတများလည်း တိုးပွားစေသည်။စာရေးသားရာတွင် သတ်ပုံမှန်အောင် ကြိုးစား၍  တည်ဆောက်နိုင်ပေသည်။ သတ်ပုံမမှား အဓိကထား ရေးသားသည့် သတင်းစာစောင်များကို လေ့လာဖတ်ရှုခြင်းမှ တစ်ဆင့်လည်း သတ်ပုံအရည်အသွေး တိုးတက်အောင်ဆောင်ရွက်နိုင်သည်။

အမှားဟူသည်လူနှင့်မကင်းပေ။ အမှားသိမှအမှန်ရှိမည်။ အမှန်အမှားရောထွေးနေသော အကြောင်းအရာ တစ်ခုကိုင်တွယ်ရာတွင်  အကြိမ်ကြိမ်အခါခါ စိစစ်ရသည်။   မှန်ခြင်း၊ မှားခြင်း  အကိုးအကား အထောက်အထားများစွာဖြင့် တိုက်ဆိုင် စစ်ဆေးရသည်။ သဘောမှန်အောင်   ကြိုးစား ဆောင်ရွက်ခြင်းသည် စေတနာဖြစ်သည်။ ထိုစေတနာဖြင့် အမှားနည်းအောင် ဆောင်ရွက်ပြီး စိတ်ခံစားချက်တို့ကို လေးနက်စေသည်။

ဖတ်မှတ်လေ့လာထားသည့် စာအုပ်စာပေ၊ နေ့စဉ်ထုတ်သတင်းစာတွေမှ တစ်ဆင့် ခိုင်မာသော ရေးသားနည်းများ၊ အဆိုအမိန့်များကို တုပခြင်းမှ စတင်ရလေ့ရှိသည်။ ဝါသနာ၏ တွန်းအားသည် လွန်စွာအရှိန်ပြင်းသည်။ သိရှိသမျှဝေမျှလိုစိတ် တဖွားဖွားပေါ်ပေါက်လာရာက စာပေတောသို့ ဝင်ရောက်ရန်  ကြိုးစားခြင်းဖြစ်သည်။ နှစ်ခြိုက်မိသော စာများကိုဖတ်ရှုပြီးနောက် ပိုမိုအားကောင်းသော အရေးအသား၊ လေးနက်သော အတွေးအခေါ်တို့ကို တစ်ဆင့်မြှင့်တင်လိုစိတ်ဖြစ်လာမည်။

အတွေးအခေါ်တစ်ခုကိုခေါင်းစဉ် အကြမ်းတပ်မိသည့်နောက် ရေးရေးပေါ်တိုင်း စာမျက်နှာထက်ချရေးသည့် အလေ့အကျင့်များလည်း ရရှိလာမည်။

စာပေခရီးဖြတ်သန်းကြရာဝယ် အချိန်ကာလ၊ အလေ့အကျင့်၊ ရေးအားဖတ်အား၊ သင်ယူနိုင်စွမ်းတို့ ပေါင်းစပ်၍ ခရီးဆက်မှသာ လိုရာခရီး ရောက်ရှိပေသည်။ လမ်းခရီးတွင် အတားအဆီး အသွယ်သွယ် တွေ့ရှိနိုင်ပြီး အားမလျှော့ရန်လိုသည်။ လူသိရှင်ကြား နာမည်ကျော်ကြားလိုစိတ်ထက် သာမန်နာမည်တစ်လုံး စတင်ထူထောင်ခြင်းက သင့်လျော်သည်။ နာမည်တစ်လုံး ရေရှည်သုံးစွဲဖို့ စာကောင်းပေမွန် ရေးသားရန် လိုအပ်မှုကိုသတိချပ်ပြီး အားထုတ်မှု အရှိန်ရပ်တန့် မပစ်ရန်လိုသည်။ သင်ဆရာ၊ မြင်ဆရာများ၏ သွန်သင်ဆုံးမမှုကို မာန်ခဝါချနာယူမှသာ စဉ်ဆက်မပြတ်သော တိုးတက်မှုကိုဖြစ်စေနိုင်သည်။  ရိုးသားရပေမည်။

စာပေခရီးတစ်ဖြောင့်တည်း သွားကြရာတွင် ရိုးသားမှုသည်   စိတ်ကောင်းစိတ်မြတ်၏ အခြေခံဖြစ်သည်။

စာကောင်းပေမွန်ဖန်တီးသူတို့၏   အနုအလှစာသမှုသည် စိတ်ရင်းကို ဗဟိုပြုလို့နေသည်။

 စာရေးလိုသူတိုင်း အချိန်၊ အရင်းအနှီး၊ ငွေအရင်းအနှီး ပေးဆပ်ကြရသည်။အထူးသဖြင့် ဦးနှောက်အရင်းအနှီးကို ကောင်းစွာ အသုံးချကြရသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယအချိုးညီညီ ပေါင်းစပ်လျှင် စာရေးတတ်လာမည် ဖြစ်သည်။ စာအုပ်ထဲရေးမှတ် သိမ်းဆည်းထားသည့် စာပေလက်ရာမွန်များ မျှဝေနိုင်မည့်နေရာ သို့မဟုတ် အခွင့်အလမ်းများကို   ရှာဖွေတွေ့ရှိနိုင်ပေသည်။ လက်မြှောက် အရှုံးမပေးသရွေ့ ပုံနှိပ်အက္ခရာ တင်နိုင်မည့် အခွင့်အရေးများစွာရှိသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းနည်းခြင်းခံစားမှုကိုဖြစ်စေသည့် အရေးအသားများက သဘာဝကျနရန်လိုသည်။ ဖော်ကျူးပြသရာ ဇာတ်ရုပ်အလိုက် အံဝင်ခွင်ကျရှိမှသာ လိုက်ဖက်သော  ခံစားမှုရသထူးကို ပေးစွမ်းနိုင်ပေသည်။ စာရေးသူ တစ်ယောက်၏ အာဟာရသည် စာအုပ်စာပေဖြစ်ပြီး သုတရသစုံလင်စွာ ဖတ်ရှုခြင်းဖြင့် စာပေခွန်အား ရရှိနိုင်သည်။

စာပေလုံ့လစိုက်ထုတ်မှသာ ကလောင်တစ်လက် ဖွေးဖွေးလက်မည်ဖြစ်သည်။ ကလောင်သွားသည် ဓားသွားထက်ပို၍ ထက်သည်ဟု    ညွှန်းဆိုသည်။ သို့ဖြစ်ရာ စာပေအဆင့်ပို၍ မြင့်အောင်တိုး၍ လေ့ကျင့်ကြရမည်ဖြစ်သည်။ ကလောင်မများ တစ်လုံးတည်းသော နာမည်အားဖြင့် ထိုးဖောက်သင့်သည်။ တွန်းတိုက်ပါများ နဲ့သွားသကဲ့သို့ ကလောင်သွားလည်း ထက်လာပေမည်။ ကလောင်သွေးရင်း ချွန်လာမည်က သေချာသည်။ တော်သူတတ်သူများအတွက် နေရာတစ်ခု အမြဲရှိသည်။ တိုးဝှေ့ရင်းရှေ့ရောက်ရသည်။တန်းစီစောင့်ရင်း ရှေ့ရောက်ကြရသည်ကို အမြဲသတိပြုကြရမည်။ သည်းခံခြင်း၊ အပြန်အလှန် မေတ္တာထားခြင်းများဖြင့် စာပေခရီး မညည်းတွားဘဲ ခရီးသွားနိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။

စာအုပ်စာပေလူ့မိတ်ဆွေဖြစ်သည်။ စာပေသည် နိုင်ငံ့ယဉ်ကျေးမှုကို ဖော်ညွှန်းပေသည်။ လိမ္မာယဉ်ကျေးမှုကိုဖြစ်စေပြီး  အသိ၊ သတိ၊ ပညာကို တိုးတက် ကျယ်ပြန့်စေသည်။ သမိုင်းအစဉ်အလာ၊ ဓလေ့ထုံးတမ်းများ၊ လူမှုရေး၊ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ မှတ်တမ်းမှတ်ရာ စာပဒေသာ ရေးဖွဲ့ထားရှိသဖြင့် စာပေသည် နှစ်ခြိုက်ခံစားလိုသူများအတွက် လိုတရဘဏ်တိုက်တစ်လုံးဖြစ်သည်။  သိလိုရာမေးမြန်းနိုင်သည်။

ဘေးဥပဒ်အနည်းဆုံးစာဖတ်ခြင်းကို အားပေးကြရမည်။

အနာဂတ်မျိုးဆက်သစ်ကမ္ဘာပိုမိုလှပရေး၊ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ပေးရမည်။

အလှဟူသည်   ကြည့်တတ်သူ၏ စိတ်အပေါ် တည်မှီသည်။ စာပေဖန်တီးသူတို့သည် ဘဝအလှရသအဖုံဖုံ စိတ်ကူးပုံဖော် ရေးသားကြသကဲ့သို့ စာဖတ်သူတို့သည်လည်း စာရေးသူနှင့်အတူ လိုက်ပါစီးမျော ခံစားကြသည်။ တစ်ဖန်ခံစားချက် အသစ်နှင့်စာတွေရေးသားကြသည်။   စာဖတ်သူတိုင်း စာရေးသူဖြစ်ခွင့်ရှိသည်။ စာရေးသူတိုင်း စာဖတ်ထုံသူဖြစ်ကြရသည်။ စာပေအိမ်တံခါး ဖွင့်ထားမြဲဖြစ်သည်။ ရေးသူဖတ်သူ အတွေးတူတူဖြင့် ရိုးရှင်းလှပသော စာပေအိမ်ဆီအရောက်   တံခါးခေါက်နိုင်ကြစေကြောင်း စာပေလောက ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်ဖြင့် ရေးသား လိုက်ရပါသည်။   ။

ထက်ဝေအောင်(စစ်ကိုင်း)