ပြိုင်ဆိုင်မှု မြင့်တက်လာသည့် အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုက်သည့် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှား

ပြိုင်ဆိုင်မှု မြင့်တက်လာသည့် အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုက်သည့် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှား

အင်ဒို-ပစိဖိတ်ဒေသတွင် အင်အားကြီးနိုင်ငံများက ၎င်းတို့၏ လွှမ်းမိုးမှုကို တိုးချဲ့ရန်  အပြိုင်ကြိုးပမ်းလာစဉ် ဒေသတွင်းနှစ်နိုင်ငံဖြစ်သည့်   တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည်   ၎င်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုကို     တိုးမြှင့်ရန် သဘောတူညီလိုက်သည်။ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံကြား စီးပွားရေးအရဆက်ဆံမှုကို သာမက  တခြားနယ်ပယ်များတွင်ပါ  ပူးပေါင်းဆောင်ရွက်မှုကို   တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆုတ်ယိုနှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ကြား အဆိုပါ သဘောတူညီချက်ကို ဇူလိုင် ၂၈ ရက်က ချမှတ်ခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးအနေဖြင့် လျှပ်စစ်ကားများနှင့်  ဘက်ထရီများ ထုတ်လုပ်ရေး၊ စမတ်စီးတီး စီမံကိန်းများ ဖော်ဆောင်ရေးအပြင်   တိုက်လေယာဉ်ထုတ်လုပ်ရေး စီမံကိန်းနှင့် အဓိကအရေးပါသည့် တွင်းထွက်ပစ္စည်းများ ထောက်ပံ့ပေးရေးတို့တွင်ပါ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

အာဆီယံအဖွဲ့သည်   အင်ဒို-ပစိဖိတ်ဒေသ၌ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေး ဖော်ဆောင်ရာတွင်   နိုင်ငံ၏ အဓိက လုပ်ဖော်ကိုင်ဖက်   နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့၌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင ့်ပူးတွဲလုပ်ဆောင်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတယွန်ဆုတ်ယိုကပြောကြားခဲ့သည်။ စင်စစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ထားသည့် အာဆီယံ၏ တစ်နိုင်ငံတည်းသော နိုင်ငံဖြစ်သည်။

တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ဆက်ဆံရေးကိုကြည့်မည်ဆိုပါက နှစ်နိုင်ငံကြား  သဘောတူညီချက်တစ်ရပ်ကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းက လက်မှတ်ရေးထိုးခဲ့ရာမှ  စတင်လာခဲ့သည်။  အဆိုပါ သဘောတူညီချက်တွင် နှစ်နိုင်ငံကြား ကဏ္ဍကြီးလေးရပ်၌   ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ယင်းကဏ္ဍကြီးများမှာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံစလုံးမှ ပြည်သူများကြား အပြန်အလှန်လည်ပတ်မှုနှင့် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင်  ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်လျက်ရှိသည်။

လက်ရှိတွင်   တောင်ကိုရီးယားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ ကုန်ပစ္စည်းများကို    တင်သွင်းနေသည့် သတ္တမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်က    အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။  ယင်းပမာဏမှာ  ၂၀၁၉ ခုနှစ်ကနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏထက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

ထို့ကြောင့် နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးသည်   အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်လာမည့် အလားအလာရှိသည်။ တောင်ကိုရီးယား နိုင်ငံတွင် သမ္မတယွန်ဆုတ်ယို တက်ရောက်လာပြီးချိန်မှစ၍   မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရေး လုပ်ဆောင်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်း လျှပ်စစ်ကားများ  လာရောက်ထုတ်လုပ်ရန်  အင်ဒိုနီးရှားနိုင်ငံက အားပေးလျက်ရှိသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် နီကယ်ကိုပြည်ပနိုင်ငံများသို့   အဓိက တင်ပို့နေသည့်    နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အဆိုပါသတ္တုဒြပ်စင်သည်  တောင်ကိုရီး ယားနိုင်ငံမှ ထုတ်လုပ်နေသည့် ဘက်ထရီများနှင့်  တခြားနည်းပညာသုံး ထုတ်ကုန်များအတွက် အရေးပါသည့် ပစ္စည်းတစ်ခုလည်းဖြစ်သည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံသို့ နှစ်စဉ်ယူရီးယား ဓာတ် ပေါင်းတန်ချိန်  ၁၂၀၀၀၀ တင်ပို့လျက်ရှိသောကြောင့် ယင်းနိုင်ငံသည် တောင်ကိုရီးယားအတွက် အရေးပါသည့် ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။  အကြောင်းမှာ တရုတ်နိုင်ငံက တောင်ကိုရီးယားနိုင်ငံ သို့တင်ပို့နေသည့်  ယူရီးယားဓာတ်ပေါင်း ပမာဏကို  လျှော့ချလိုက်သဖြင့်  အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံအတွက် အရင်းအမြစ်များ တင်ပို့ပေးနေသည့်   အရေးပါသော နိုင်ငံဖြစ်လာသောကြောင့်ပင်ဖြစ်သည်။

တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံ တို့သည်   ချမ်းသာကြွယ်ဝရေး အတွက် အမေရိကန်က ချမှတ်ထားသည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်အတွင်း နီးကပ် စွာပူးပေါင်း ဆောင်ရွက်ရေးအတွက်လည်း သဘောတူညီခဲ့သည်။  တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၎င်းတို့ကြား ၂၀၁၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံတန်ဖိုး ရှိ စီမံကိန်းဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍လည်း ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ စီမံကိန်းအရ အင်ဒိုနီးရှား နိုင်ငံအစိုးရသည် မြို့တော်အား လူနေမှုအဆမတန် ထူထပ်သည့် ဂျကာတာမှ ဘော်နီယိုကျွန်းပေါ်ရှိ နူဆန်တာရာမြို့သစ်သို့ ရွှေ့ပြောင်းမည်ဖြစ်သည်။ ယခုအခါ မြို့သစ်တည်ဆောက်ရေးနှင့် သောက်သုံးရေ ပံ့ပိုးရေးကို  နှစ်နိုင်ငံကြား  ကနဦးပူးပေါင်း ဆောင်ရွက်မှုအနေဖြင့်   စတင်နေပြီဖြစ်သည်။

တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား ယခုချမှတ်ခဲ့သည့် သဘောတူညီချက်သစ်သည် နိုင်ငံ၏မြို့တော်သစ် တည်ဆောက်ရေး စီမံကိန်းရှိ အခြေခံအဆောက် အအုံ၊ အီလက်ထရွန်နစ်  စနစ်နှင့် စမတ်စီးတီးစနစ်များတွင်    တက်ကြွစွာပါဝင်လုပ်ဆောင်နေသည ကုမ္ပဏီများအတွက် အခြေခံအုတ်မြစ် ဖြစ်လာကြောင်း  သမ္မတဂျိုကိုဝီဒိုဒိုက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေး အခက်အခဲများကြောင့်  ပူးတွဲစီမံကိန်းအတွက်    ငွေကြေးပံ့ပိုးပေးနိုင်ခြင်း မရှိသော်လည်း   စီမံကိန်းအား   ပြီးမြောက်သည်အထိ နှစ်နိုင်ငံကြား ပူးပေါင်းဆောင် ရွက်ရန် တောင်ကိုရီးယား နိုင်ငံက  စီစဉ်ထားသည်။

နှစ်နိုင်ငံကြား    ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များသည် တောင်ကိုရီးယား-အင်ဒိုနီးရှား ပူးတွဲထုတ်လုပ်ထားပြီး  KF-21 ဟု   အမည်ပေးထားသည့်  တိုက်လေယာဉ် အောင်မြင်စွာ စမ်းသပ်ပျံသန်းမှုကိုပါ လေ့လာခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရပါမူ  တောင်ကိုရီးယားနှင့်  အင်ဒိုနီးရှားနိုင်ငံတို့ကြား  ယခုချမှတ်နိုင်ခဲ့သည့် သဘောတူညီချက်သည် အင်အားကြီးနိုင်ငံများက အင်ဒို-ပစိဖိတ်ဒေသ၌   လွှမ်းမိုးရေးတွင်  ပိုမိုပါဝင်လုပ်ဆောင်နေချိန် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင်  ဒေသတွင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံ၏ အင်အား ချဲ့ထွင်လာခြင်းကို အမေရိကန်နှင့်   အနောက်နိုင်ငံများက ထိန်းချုပ်နိုင်ရေးအတွက်  မဟာမိတ်အဖွဲ့များ အမျိုးမျိုးဖွဲ့စည်း၍ တန်ပြန်လာလျက်ရှိသောကြောင့် အင်ဒို-ပစိဖိတ် ဒေသတွင် ပြိုင်ဆိုင်မှုများ မြင့်တက်လာနိုင်သည့်အပြင် ဒေသတွင်းနိုင်ငံများ ဖြစ်သော တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်မည့် အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။

ဇေယျဘုန်း