ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် အတွင်းရှိ မြို့တော်ခန်းမအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်
နေပြည်တော် ဇူလိုင် ၃၀
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင် အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ၊ စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ ၅မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ စည်ပင်လမ်းရှိ မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်သို့ အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။