မန်ယူအသင်း၏ အသင်းအကြံပေးအဖြစ် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို ခန့်အပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာ
မန်ယူအသင်း အမှုဆောင်အရာရှိချုပ် ရစ်ချက် အာနိုးက အသင်းဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို အသင်းအကြံပေးအဖြစ် ခန့်အပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
ပြီးခဲ့သည့်ဧပြီလက မန်ယူအသင်း အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ရစ်ချက်အာနိုးသည် အသင်းအကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး နည်းပြကြီး ဖာဂူဆန်ကို အသင်းတရားဝင် အကြံပေးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
မန်ယူအသင်းက အသင်းအကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက် အစောပိုင်းက ယာယီနည်းပြဟောင်း ရင်းဂ်နစ်ကို ခန့်အပ်ခဲ့သော်လည်း ၎င်းကိုယ်တိုင်က သြစတြီးယားအသင်းကို တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည့်အတွက် နုတ်ထွက်ခဲ့ပြီးနောက် ယခုအခါ အသင်းကို အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သည့် နည်းပြဟောင်း ဖာဂူဆန်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း၏ အကြံပေးအဖွဲ့တွင် ရစ်ချက်အာနိုးနှင့် အတူ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်၊ မန်ယူအသင်းကို ဖာဂူဆန်တာဝန်ယူ ကိုယ်တွယ်စဉ်က အသင်းအမှု ဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေးဗစ်ဂီးလ်၊ ဂန္ထဝင် ကစားသမားဟောင်း ဘရိုက်ယန်ရော့ဂ်ဆင်နှင့် လက်ရှိအသင်း အားကစားဒါရိုက်တာ ဂျွန်မော်တာတို့ ပါဝင်မည်ဖြစ်သည်။
နည်းပြဟောင်း ဖာဂူဆန်သည် မန်ယူအသင်းကို ၂၆ နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ကာ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ နှင့် တခြားဆုဖလား များစွာကို ဆွတ်ခူးပေးနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၁၃ ခုနှစ်က နည်းပြဘဝမှ အနားယူခဲ့သူဖြစ် သည်။ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် နှစ်အရှည်ကြာဆုံး နည်းပြဖြစ်ကာ အအောင်မြင်ဆုံး နည်းပြအဖြစ်လည်း ရပ်တည်နေသူဖြစ်သည်။
ဖာဂူဆန်အနေဖြင့် နည်းပြဘဝမှ အနားယူခဲ့ပြီးနောက် ယခုအခါ ပထမဆုံးအကြိမ် မန်ယူအသင်း၏ တရားဝင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။