ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေပေးအပ်ပွဲပြုလုပ်
နေပြည်တော် ဇူလိုင် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း(VDP) စီမံကိန်း(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)အား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင်က လည်းကောင်း၊ CASH FOR WORK (၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)အား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း(VDP) စီမံကိန်း(၁) ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)အား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လည်းကောင်း၊ CASH FOR WORK (၁)ယူနစ်အတွက် ရန်ပုံငွေကျပ် သိန်း(၁၀၀)အား ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းက လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)အား ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက လည်းကောင်း၊ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်း(၁)ယူနစ်အတွက် ရန်ပုံငွေကျပ် သိန်း(၃၀၀)အား ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၂)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၆၀၀)အား ပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးစိုင်းလိတ်က လည်းကောင်း၊ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(RBF)စီမံကိန်း(၃)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၉၀၀)အား ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ CASH FOR WORK (၁၃)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၃၀၀)အား တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက လည်းကောင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း (VDP)စီမံကိန်း (၁၀၆)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၁၀၆၀၀)အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လည်းကောင်း အသီးသီး ပေးအပ်ကြရာ ဒေသခံ တိုင်းရင်းသားများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။