မြန်မာယူ-၁၆ အသင်း အုပ်စုအဖွင့်ပွဲတွင် သြစတြေးလျနှင့် တွေ့ဆုံ
နေပြည်တော် ဇူလိုင် ၃၀
အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၂ ရက်အထိကျင်းပမည့် အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲကို မြန်မာ ယူ-၁၆ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းမှာ သြဂုတ် ၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် သြစတြေးလျ အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းမှာ အုပ်စု (ဂ)တွင် ပါဝင်ပြီး သြစတြေးလျ၊ မလေးရှား၊ ကမ္ဘော ဒီးယားတို့နှင့် ယှဉ်ပြိုင်ကစား သွားရမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် သြဂုတ် ၅ ရက်ည ၆ နာရီခွဲတွင် မလေးရှားအသင်းနှင့် လည်းကောင်း၊ သြဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းမှာ မြန်မာဘောလုံး အကယ်ဒမီများမှ ကစားသမားများကို အခြေခံဖွဲ့စည်းထားပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းအချို့ အပါအဝင် တက္ကသိုလ်လက်ရွေးစင်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး ယူ-၁၉ အသင်းတို့နှင့် အပတ်စဉ်ခြေစမ်းပွဲများ ကစားပြီးနောက် လက်ရွေးစင်၂၈ ဦးကို ရွေးချယ်လေ့ကျင့် ပြင်ဆင်ထားသည်။
အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး မြန်မာယူ-၁၆ အသင်းမှာ (၁၁)ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့ကာ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၂ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ယခု ၂၀၂၂ ပြိုင်ပွဲအပါအဝင် (၁၂)ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။