လူငယ်ဘ၀ စွမ်းဆောင်ရည်ကို မြှင့်တင်ကြ

လူငယ်ဘ၀ စွမ်းဆောင်ရည်ကို မြှင့်တင်ကြ

    ငယ်ရွယ်နုပျိုခြင်းကြောင့် လူငယ်သည် ကလေးဘဝနှင့်  လူကြီးဘဝတို့၏ကြား ကာလအရွယ်(Period Between Childhood and Adult Age)ဖြစ်သည်။ အားမာန်ပြည့်ဝချိန်ဖြစ်၍ နိုင်ငံတိုင်းက လူငယ်တို့ကို မျှော်လင့်ကြသည်။ အနာဂတ်၏ မျိုးဆက်သစ်အဖြစ် သတ်မှတ်ကြသည်။ Being Young ဟုပြောကြသည်။  လူငယ်ဘဝ အချိန်ကာလဝယ် စွမ်းဆောင်ရည်မြှင့်တင်ရေး အလို့ငှာ ပံ့ပိုးထောက်ကူကြသည်။ လူငယ်တို့ကလည်း လျှောက်လှမ်းရမည့်လမ်းအတွက် မိမိ၏ မှန်းရွယ်သည်တို့ကို ပြီးစီးပြည့်စုံအောင် လုပ်ကိုင်သင့်သည်။“စွမ်းဆောင်ရည်မြှင့်တင်”ဟူသည့်စကားလုံးတို့ကို မြန်မာအဘိဓာန်လာဖွင့်ဆိုချက်အရ “စွမ်းဆောင်” ဟူသည် ပြီးစီးအောင်မြင်အောင် လုပ်ကိုင်သည်ဟုဆိုသည်။ “ရည်”ကို မှန်းရွယ်သည်ဟုဖွင့်ဆိုသည်။ “မြှင့်”သည် အထက်သို့ရောက်စေသည်။ မြင့်စေသည်ဖြစ်ပြီး “တင်”သည် နိမ့်ရာမှမြင့်ရာသို့ပို့သည်ဟု ဆိုလေသည်။ ခွန်အားပြည့်ဝစေသော ဖွင့်ဆိုချက်များဖြစ်သည်။ လူငယ်တို့ လုပ်နိုင်ကြသည်။

လောက၌ သားသုံးပါးရှိသည်။ အတိဇာတသား(မိဘထက် ဂုဏ်ကျေးဇူး လွန်မြတ်သောသား)၊ အနုဇာတသား (မိဘနှင့်ဂုဏ်ကျေးဇူး ညီမျှသောသား)၊ အဝဇာတသား(မိဘအောက်   ဂုဏ်ကျေးဇူး နိမ့်ကျသောသား)ဟုဆိုကြသည်။ မိဘတို့သည် သားကို မျှော်လင့်ကြသည်။ မိမိတို့၏ အရိုက်အရာကို ဆက်ခံစေချင်ကြသည်။ ပို၍ပို၍ မြင့်မားသောဘဝကို ရစေချင်ကြသည်။ ကတ္တီပါဖိနပ်စီး၍ ရွှေထီးဆောင်းစေချင်ကြသည်။ မိဘတိုင်းသည် အတိဇာတသားကိုသာ တမ်းတကြသည်။ ဆရာတို့သည် တပည့်ကောင်းကိုသာ မျှော်လင့်ကြသည်။  ဆရာ့ထက် တပည့်လက်စောင်း ထက်စေချင်ကြသည်ကလည်း စေတနာဖြစ်သည်။ သမိုင်းဦးဘုံမြေခေတ်မှသည် ယနေ့မျက်မှောက်ကာလထိတိုင်  ရွေ့လျားပြောင်းလဲ တိုးတက်ခြင်း၏ သရုပ်မှန်သည် အတိဇာတသား များကြောင့်သာဖြစ်သည်။ ထိုသားတို့သည် လူငယ်တို့ဖြစ်သည်။ လူငယ်တို့၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ စွမ်းဆောင်ရည်ကို လေ့လာကြည့်ပါက-

(က) အရေး၊ အဖတ်၊ အတွက်၊ အချက် စသည့် အသိပညာတို့ကို အခြေခံမှ စတင်ကာ ဘွဲ့ရသည်အထိ သင်ကြား တတ်မြောက်လာသည့် အသိပညာ စွမ်းဆောင်ရည်။

(ခ)   အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို ကျွမ်းကျင်စွာ သင်ကြားတတ်မြောက်လာ သည့် အတတ်ပညာ စွမ်းဆောင်ရည်။

(ဂ)    လူငယ်၏ မိမိကိုယ်မိမိ ယုံကြည်မှုဟူသည့် စိတ်ဓာတ်စွမ်းဆောင်ရည်။

(ဃ) လူငယ်၏ ဆောင်ရွက်မှုအ၀၀သည် ကျန သေချာတတ်သည့် စည်းကမ်း စွမ်းဆောင်ရည်။

(င)   ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟကင်းသည့် စာရိတ္တစွမ်းဆောင်ရည်။

(စ)  ကျန်းမာကြံ့ခိုင်သည့်ကိုယ်ကာယ စွမ်းဆောင်ရည်ဟူ၍ တွေ့ရမည်ဖြစ်သည်။  တစ်ဖန် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ အခန်း(၁) နိုင်ငံတော် အခြေခံမူများ ပုဒ်မ (၃၃)၌ “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်”ဟု ပြဋ္ဌာန်းပေးထားသည်။ ပြဋ္ဌာန်းချက်သည် လူငယ်တို့၏ စွမ်းဆောင်ရည်ကို အထောက်အကူ ပြုရန်သာဖြစ်သည်။ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပညာတည်းဟူသော အားငါးတန်ဖြင့် လူငယ်တို့၏ စွမ်းဆောင်ရည်ကို  မြှင့်တင်ကြရန်ဖြစ်သည်။ မြှင့်တင်သည့် အလုပ်ကို နိုင်ငံတော်နှင့်အတူ မိဘ၊ ဆရာနှင့်ပတ်ဝန်းကျင်တို့က   စနစ်တကျပြုစု ပျိုးထောင်လေ့ကျင့်ပေးကြသည်။

စွမ်းဆောင်ရည်မြှင့်တင်နိုင်ခြင်းသည် သတ်မှတ် ပြဋ္ဌာန်းထားသည်တို့ကိုပင် ပြောင်းလဲစေနိုင်သည့် သက်သေရှိသည်။ ၅၅၀ ဇာတ်တော်လာ စတုတ္ထနိပါတ် စူဠကလိင်္ဂဇာတ်တွင် ရှိခဲ့သည်။“နတ်တို့သည်လုံ့လကို မငြူစူကုန်၊ စိတ်မပြိုမကွဲ မပျံ့မလွင့်သောကြောင့်သော် လည်းကောင်း၊ အားထုတ်ခြင်းဟု ဆိုအပ်သည့် မြဲမြံတည်ကြည်စွာသော ဝီရိယရှိပေသောကြောင့်သော် လည်းကောင်း အောင်မြင်မှုကို ရယူနိုင်ကြခြင်းဖြစ်သည်”ဟူသည့် သိကြားမင်း၏ စကားသည် မှတ်သား အားကျဖွယ်ဖြစ်သည်။ သင်ခန်းစာ ရလိုက်သည်က “အောင်နိမိတ်၊ ရှုံးနိမိတ် တဘောင် စနည်းဟူသည်ကား များသောအားဖြင့် မှန်တတ်ကြသည်”၊ သို့သော် ဝီရိယသည်သာ ပဓာနဖြစ်သည်ကို ထိုဇာတကက ပြဆိုပေးခဲ့သည်။ ဆိုရပါမူ လူငယ်တို့၏ ကြီးမြင့်သော စိတ်ဓာတ်စွမ်းဆောင်ရည်သည်  အောင်မြင်မှုကို ရယူဆွတ်ခူးနိုင်စေသည့် ဘဝလက်ဆောင်ဖြစ်သည် ဟု မှတ်သားသင့်သည်။

စွမ်းဆောင်ရည်မြင့်မား စေရေးအတွက် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော  ဖြစ်စဉ်တို့ကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ အကဲခတ်ရန်လည်း လိုအပ်သည်။ အောင်မြင်နေပြီဟု သာယာယစ်မူးမနေဘဲ ပြုပြင်သင့်သည့် အစိတ်အပိုင်းတို့ကို အမြဲပြုပြင် ပြောင်းလဲပေးရမည်။ မိမိပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ မရှိတော့သည်များကို ပြုပြင်ပြောင်းလဲခြင်းသည် လူငယ်၏ ဘဝပင်ဖြစ်သည်။ လူငယ်၏ ယဉ်ကျေးမှုပင်ဖြစ်သည်။ အံဝင်ခွင်ကျမရှိသည်များကို လဲလှယ်တပ်ဆင်ရန် မကြောက်မရွံ့နောက်မတွန့်ဘဲ မိမိနောက်ကြောင်းအေးစွာ ဆောင်ရွက် ဆုံးဖြတ်နိုင်ခွင့်ရှိရမည်။ တစ်ခါတစ်ရံ အောင်မြင်မှုများ၊ စွမ်းဆောင်ရည်များကို မျှဝေပေးတတ်ရမည်။ မိမိ၏စွမ်းဆောင်ရည် မြင့်မားပြီးရင်း မြင့်မားနေခြင်းသည် မိမိရပ်တည်ရာ ပတ်ဝန်းကျင်၏ ချမှတ်ထားသော စံချိန်စံညွှန်းများကို လှမ်းကိုင် ဆွတ်ယူစားသုံးနိုင်ခြင်း၏ သော့ချက်ဖြစ် သည်။ စွမ်းဆောင်ရည်အတွက် ပုံသေကားချမဟုတ်ဘဲ ရေတိုပြောင်းလဲရေး လုပ်ငန်းအချို့ကိုလည်း လိုအပ်ပါက ပြောင်းလဲပေးရန် လိုအပ်သည်။ ထိပ်တန်းရောက် ပုဂ္ဂိုလ်များ၌ တွေ့ရတတ်သော အနာဂတ်အမြင်တို့သည် အတုယူစရာဟု မျှဝေပေးသင့်သည်။ မိမိကိုယ်တိုင်လည်း လက်သင့်ခံ ကျင့်သုံးပေးသင့်သည်။ ပြောင်းလဲနိုင်ခြင်းသည် စွမ်းဆောင်ရည်ပင်ဖြစ်တော့သည်။

စွမ်းဆောင်ရည် တိုးတက်ရေးအတွက် လုပ်ငန်းဆောင်တာတိုင်း၊ လေ့ကျင့်ကျက်မှတ်တိုင်း အားသွန်ခွန်စိုက်၊ စူးစိုက်မှတ်သား၊ လျင်မြန်သွက်လက် ထက်မြက်နေခြင်းတို့သည် စွမ်းဆောင်ရည်မြင့်မားစေခြင်း၏ ပင်စည်ကြီးသဖွယ်ဖြစ်လာသည်။ ပင်စည်ဖွံ့ဖြိုးလေ အကျိုးရှိလေဖြစ်သည်။ လူငယ်ဘဝ တစ်လျှောက်လုံး ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှသည် ပင်ကိုစွမ်းရည်ပင်ဖြစ်သည်။ ပိုမိုတောက်ပြောင်လိုပါက ပိုမိုကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့်   ထိပ်တန်းသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ လူငယ်သည်  မိမိ၏ သတ်မှတ်စံနှုန်း မြင့်မြင့်မားမား ထားရှိခြင်းကို မိမိရပ်တည်ရာ ပတ်ဝန်းကျင်အား သိစေအပ်၊ မြင်စေအပ်ခြင်းသည် အထူးလိုအပ်သည်။

ယခုကာလ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် ရရှိသော ချမ်းသာမှုသည် ရပ်တန့်မသွားဘဲ ဖြစ်စဉ်အလိုက် ရွေ့လျားပေးနေခြင်းဖြင့် ဆင့်သထက်ဆင့်သော စွမ်းဆောင်ရည်တို့သည် မြင့်သထက်မြင့်နေမည်သာ ဖြစ်သည်။ တိုးတက်မှုကို ရပ်တန့်မထားသင့်။ စွမ်းဆောင်ရည် မြင့်မားစေသော အကျင့်၊သီလ၊ စာဂမှန်သမျှကို စူးစမ်းလေ့လာပြီး မပြတ်တမ်းကြိုးပမ်း ဆောင်ရွက်နေ သင့်သည်။ မိမိကို မောင်းနှင်နေသော ကိုယ်ရည်ကိုယ်သွေးသည် မိမိစွမ်းဆောင်ရည်၏ အခွင့်အလမ်းကြောင့် ဖြစ်သည်။ ထို့ကြောင့် လူငယ်တို့သည် အောင်မြင်မှုအတွက် အခွင့်အလမ်းကို ထာဝရ ဖန်တီးနေရမည်။ ဖြစ်စဉ်နှင့် လိုက်လျောညီထွေဖြစ်အောင် အမြဲပြင်ဆင် ညှိနှိုင်းနေရမည်။

ပြည်ထောင်စုမပြိုကွဲရေး ဟူသော မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့် မြေထု၊ ရေထု၊ လေထုတို့ပါဝင်သော အမိပြည်ထောင်စုကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးကို စဉ်းစားပေးလိုစိတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး ဟူသော ရေမြေ၊ တောတောင် သဘာဝ၊ ဘာသာစကား မည်မျှပင်ခြားနားပါစေ၊ အေးအတူ ပူအမျှ ထာဝရစည်းလုံး ညီညွတ်ရေးကို ဦးစားပေးစဉ်းစားလိုစိတ်၊   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော AD ခေတ်ဦးမှသည် ယနေ့ အထိ နိုင်ငံသားများမှ ဆင်းသက်လာသည့် အချုပ်အခြာ အာဏာရေရှည် တည်တံ့ခိုင်မြဲလိုစိတ်တို့သည် လူငယ်တို့၏ စွမ်းဆောင်ရည်နှင့်အတူ အစဉ်အမြဲ ရင်ထဲအမြစ်တွယ် ကိန်းအောင်းနေရန်လည်း လိုအပ်သည်။

ထိုသို့ ကိန်းအောင်းရန်အလို့ငှာ မိမိတို့၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင်မြှင့်တင်ရန်နှင့် ဖောက်ထွက်ကြရန် တိုက်တွန်းလိုသည်။ ကမ္ဘာကြီးသည် အစဉ်တစိုက် ပြောင်းလဲတိုးတက်နေသည်။ ပြောင်းလဲတိုးတက်မှုများကို အမှီလိုက်ရန်အတွက် ပြင်ဆင်မှုများစွာ လုပ်ဆောင်ရသည်။  အဆင့်ဆင့်ကြိုးစားရသည်။ လေ့လာသင်ယူရသည်။ စိန်ခေါ်မှုများလည်း များပြား လာသည်။ တိုင်းပြည်၏ အောင်မြင်မှု အတိုင်းအတာသည် လူငယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် မှီတည်လျက်ရှိရာ   လူငယ်များအနေနှင့် မိမိ၏စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် မိမိတို့ကိုယ်တိုင် တည်ဆောက်မြှင့်တင်ခြင်းဖြင့်    နိုင်ငံကို တည်ဆောက်မြှင့်တင်ရာ ရောက်ပါကြောင်း   တိုက်တွန်းလိုက်ရပါသည်။    ။

ကိုဇော်ဌေး(ယဉ်ကျေးမှု)