သိကြားမကယ်နိုင်သော နှလုံးရောဂါ

သိကြားမကယ်နိုင်သော နှလုံးရောဂါ

    မကြာသေးမီက ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ဆောင်းပါးကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါသည်။ နိုင်ငံခြားသတင်းစာကြီး တစ်စောင်မှ  ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်အမှီပြုပြီး ရေးသားထားသော နိုင်ငံရေးဆောင်းပါးဖြစ်သည်။ နိုင်ငံရေး ဆောင်းပါးဖြစ်သော်လည်း “ကျန်းမာရေးပညာ”လောကကို သက်ရောက်မှုရှိနေသည်။

ထိုဆောင်းပါးပါ အကြောင်းအရာမှာ “သကြားလော်ဘီ”  (Sugar Lobby)ဖြစ်သည်။ ဗြိတိန်နိုင်ငံအခြေစိုက် The Guardian သတင်းစာမှဖော်ပြထားသော သတင်းဆောင်းပါးကို ကိုးကားထားသည်။

သတင်းအဆိုအရ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ပြုလုပ်ခဲ့သော ဆေးပညာသုတေသန လုပ်ငန်းအချို့ကို ထုတ်ပြန်သည့် သတင်း အချက်အလက် အဖြေတွေဟာ မှားယွင်းနေပါသတဲ့။ နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Heart Disease)ဖြစ်ပွားစေတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြသည့်အခါ အစားအသောက်များတွင် ပါသည့် အဆီဓာတ်  (Dietary Fat)များကိုသာ အပြစ်ပုံချခဲ့ပြီး  သကြားကြောင့်ရောဂါ ဖြစ်ပွားရသည်ဆိုသည်ကို ဖော့ပြီး အဖြေထုတ်ပြန်ခဲ့တယ်လို့ ဆိုပါသည်။

လော်ဘီဆိုသည်မှာ နိုင်ငံရေးတွင် စီးပွားရေးသမားများက အကျိုးအမြတ် အတွက်ငွေကြေးနှင့် ဝင်ပေါင်းပြီး အမြတ်ထုတ်သည်ကို ဆိုသည်။ “လော်ဘီလုပ်သည်”ဟု ပြောဆိုသုံးနှုန်းကြသည်။

သကြားလော်ဘီဆိုသဖြင့် ထိုဆောင်းပါးမှာ အထူးအဆန်းဖြစ်နေ၍ ဖတ်ကြည့်သောအခါ တစ်ချိန်က နှလုံးသွေးကြောကျဉ်း ရောဂါကို ကမ္ဘာ့လူသတ်သမား ရောဂါအဖြစ် သုတေသနပြုသည့် ဆရာဝန်ကြီးများ ပါဝင်သည့်အဖွဲ့ကြီး ပေါ်ပေါက်ခဲ့သည်။

နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်စေနိုင်သည့် အချက်များကို  လူထုအားထုတ်ပြန်ဖို့ နှစ်ချီအချိန်ယူ၍ သုတေသနပြုခဲ့သည်။

သုတေသနမှထွက်လာသော အဖြေမှာအဓိကအဆီကြောင့် အဆီများသော အသားနှင့်ဆီစားသုံးမှု လွန်ကဲခြင်းကြောင့်၊ မသန့်သော ဆီများကြောင့် ဆီကြော်မုန့်၊ အာလူးကြော်များ၊ နှစ်ပြန်ကြော်များသည် နှလုံးရောဂါအတွက်  ကြောက်စရာအစာများ ဖြစ်သည်ကို  တင်ပြလာသောအခါ တစ်ကမ္ဘာလုံးရှိ ဆရာဝန်ကြီးများက လူနာများအား အဆီလျှော့စားကြဖို့ ညွှန်ကြားကြသည်။အချို့မှာ အဆီကိုရှောင်ပြီး ဟင်းသီးဟင်းရွက်ကိုပင် ပြုတ်စားကြသည့် အခြေအနေအထိ ကြောက်လန့်ကုန်ကြသည်။

ယခုနှစ်ပိုင်းတွင်မှ တိုးတက်သော အမြင်ရှိသည့် ဆရာဝန်ငယ်များမှ သတိပေးသံ ထွက်ပေါ်လာသည်။ သကြားစားသုံးမှု များခြင်းကြောင့် နှလုံးရောဂါပို၍ပင် ဖြစ်နိုင်သည်။ အဆီကဲ့သို့ပင် သကြားကိုရှောင်ကြဉ်မှသာ နှလုံးရောဂါ အမျိုးမျိုးမှ ကင်းဝေးနိုင်မည်ဟု ဆိုသည်။

ဤသို့ဆိုလျှင် သုတေသနပြုသူများသည် အဆီကိုသာ လက်ညှိုးထိုးပြီး သကြားကို ခပ်ဖော့ဖော့သာ  ပြောဆိုခဲ့ကြသည်။

သကြားကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေများကို ဘာကြောင့် အထင်အရှား မဖော်ထုတ်ခဲ့ကြပါသနည်း။ ဤတွင် သကြားလော်ဘီ ပြဿနာပေါ်ပေါက်လာတော့သည်။

သုတေသနလုပ်ငန်း ဆိုသည်မှာ အလွန်ငွေကြေး အကုန်အကျများသော လုပ်ငန်းဖြစ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ သုတေသနပြုလုပ်ခြင်းအတွက်  အလွန်များပြားသော ကုန်ကျစရိတ်များကို ထိုစဉ်ကအပြည်ပြည်ဆိုင်ရာ သကြားထုတ်လုပ်သူများနှင့်    သကြားလုံး ကုမ္ပဏီတွေက ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။ အကြောင်းမဲ့ထောက်ပံ့ခြင်းတော့ မဟုတ်တန်ရာ။ နှလုံးရောဂါအတွက် သကြားကိုလျှော့စားကြစို့၊ သုတေသန ျွနျကူအ ထွက်မလာဖို့၊ ဖာဖာထေးထေး ပြောပေးဖို့ဖြစ်သည်။ ထိုအခါသကြားကို လက်ညှိုးမထိုးလိုက်ခြင်းဖြင့် အဆင်ပြေသွားတော့သည်။

သို့သော် အဆီအမျိုးမျိုးကို လျှော့စား၊ ရှောင်စားနေကြပါလျက် နှလုံးသွေးကြော ကျဉ်းရောဂါများ လျော့ပါးသွားပါသလားမေးလျှင် မလျော့သွားပါ။ နှလုံးကြောင့် Heart Attackကြောင့် ဆုံးပါးသွားကြသူ များစွာရှိနေဆဲဖြစ်ပါသည်။”သိကြားမကယ်နိုင်ပါ”။ သိကြားကယ်စေလိုလျှင် သကြားကို လျှော့စားကြဖို့လိုပြီဟု ဆိုချင်ပါသည်။

လွန်ခဲ့သောနှစ်က  မိတ်ဆွေနှစ်ဦး နှလုံးရောဂါဖြင့် ညအိပ်နေရင်း သေဆုံးသွားကြသည်။ တစ်ဦးမှာ တောင်တက် စက်ဘီးစီးသမားဖြစ်သဖြင့် ကျန်းမာရေး အလွန်ကောင်းသည်ဟု ထင်ရသူဖြစ်ပြီး ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးသွားသည် ဆိုသောအခါ လူတိုင်း မယုံကြည်နိုင်ဖြစ်ရသည်။ မနေ့ကမှ မိတ်ဆွေအပေါင်းအသင်းများနှင့် ရယ်မောပျော်ရွှင် နေသေးသည်။

လေ့ကျင့်ခန်း မှန်မှန်လုပ်နေလျှင် နှလုံးရောဂါမဖြစ်နိုင်ဟု ယူဆနေခြင်းမှာ မမှန်ကန်သလို ဖြစ်နေသည်။

အခြားတစ်ဦးမှာ မိမိသွားနေကျ ဘုရားတစ်ဆူတွင် စားပွဲခုံတစ်ခု၊ ကြေးစည်တစ်လုံးဖြင့် အလှူခံဖြတ်ပိုင်း ရေးပေးသူ အသက်ခုနစ်ဆယ်ကျော်အရွယ် အဘိုးတစ်ဦးဖြစ်သည်။ သူသည် ဘုရားရိပ်၊ တရားရိပ်တွင် အေးချမ်းစွာနေပြီး ဝါတွင်းရော၊ ဝါပပါ ဥပုသ်ရက်ရှည်စောင့်သူဖြစ်သည်။ သက်သတ်လွတ် အမြဲစားသူဖြစ်သဖြင့် နှလုံးအဆီတိုးပြီး သွေးကြောပိတ်စရာ အကြောင်းလည်း မရှိပေ။ သူ၏တစ်ခုတည်းသော ပြစ်ချက်မှာ အားလျှင်ဖက်ဆေးပေါ့လိပ်ကြီးကို မီးညှိပြီး ဖွာနေတတ်သည်။

ညနေစာ၊ ညစာ မစား။ ဆေးလိပ်သာလျှင်သူ၏အဖော်ဖြစ်သည်။

ဖြစ်ပုံက ထိုနေ့ညနေက မိုးသည်းထန်စွာ ရွာသဖြင့် ဘုရားအပြင်ဘက် လမ်းမပေါ်တွင် ရေများလျှံနေသည်။ သူက အိမ်မပြန်တော့ဘဲ ဘုရားတွင်ပင် အိပ်လိုက်သည်။

သူ၏အလှူခံ စားပွဲအောက်ရှိ သမံတလင်းတွင်ပင် နှီးကြောဖျာကြမ်း တစ်ချပ်ခင်းပြီး ကတ်ထူစာအုပ်သုံးအုပ်ကို ခေါင်းအုံးကာအိပ်လိုက်သည်။ လူကြီးဖြစ်၍ ကောင်းစွာ အိပ်ပျော်ပုံမရ။ ဆေးပေါ့လိပ်ဖက်ဆေးလိပ်အကြီး တစ်လိပ်နီးပါး ကုန်အောင်အိပ်ရင်း ဖွာနေပုံရသည်။

နံနက်လင်းပိုင်းရောက်မှ အိပ်ပျော်သွားပုံရပါသည်။ သို့သော် သူ၏အိပ်ပျော်ခြင်းမှာ မနိုးသောအိပ်ခြင်းဖြစ်သည်။ နံနက်လင်း၍ ဘုရားလူကြီးအချို့ ရောက်လာတော့ပင်သူ့ကို ကောင်းစွာ အိပ်ပျော်နေသည်ထင်၍ မနှိုးကြ။ အရုဏ်ဆွမ်းကပ်သူများ ပြန်သွားကြပြီး နံနက်ခြောက်နာရီခွဲကျော်မှ သူ့ကိုလှုပ်နှိုးကြသည်။ တောင့်ပင်တောင့်နေပြီ။

မလှုပ်တော့။ ယနေ့မှစ၍ အလှူခံဖြတ်ပိုင်း ရေးသည့်နေရာတွင် အလှူရှင်အတွက် သာဓုခေါ်ပြီး ကြေးစည်လေးတီးနေသည့် ထိုအဘကိုမတွေ့ရတော့ပြီ။ သောက်၍ မကုန်သေးသော ဖက်ဆေးလိပ်အတိုလေးမှာကား ပြာခွက်အတွင်းတွင် ကျန်ခဲ့သည်။

နှလုံးရောဂါသည် အဆီအအိမ့်စားပြီး အငြိမ်းစားနေသူများ၏ ရောဂါဖြစ်သည်ဟု ဆိုသော်လည်း ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်းကိုလည်း မကြိုက်ပေ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မီးခိုး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီလောင်ကျွမ်းပြီး ထွက်လာသည့်ကားအိပ်ဇောမှ အငွေ့များကြောင့်လည်း နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်သည်။

ဆေးလိပ်၊ ဆေးပေါ့လိပ်သောက်သူများလည်း နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်သည်။ အထူးသဖြင့် အစာမရှိချိန်နှင့် ညအိပ်ရာဝင်ချိန်တွင် ဆေးလိပ်သောက်သူများသည်  နှလုံးအမောဖောက်ရောဂါဖြင့် သေဆုံးလေ့ရှိသည်ဟု ဆိုသည်။ ဆေးလိပ်အငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိသူများတွင်ပင် နှစ်ကြာလျှင် နှလုံးရောဂါ ရနိုင်သည်ဟုဆိုသည်။

ဈေးချိုတော်တွင် ဆိုင်ထွက်သော မိတ်ဆွေတစ်ဦးမှာ ရင်ကျပ်နှင့်နှလုံးရောဂါ စတင်ဝင်ရောက်လာသဖြင့် အထူးကု ဆရာဝန်ကြီးနှင့်ပြပြီး ကုသနေရသည်။

သူသည် အသက်ငါးဆယ်ကျော်သာ ရှိသေးသည်။ သူ၏ပြစ်ချက်ကို လေ့လာဆန်းစစ်ကြည့်သောအခါ   သူ၏ဆိုင်ခန်းမှာ ထောင့်ကျပြီး အလင်းရောင် အဝင်နည်းကာ ခြင်ကိုက်သဖြင့် ခြင်ဆေးခွေနှစ်ခွေကို အမြဲထွန်းထားသည်။ ထိုခြင်ဆေးအငွေ့များကို တစ်နှစ်လုံး ရှူရှိုက်ပြီးနောက် သူ့တွင် ရင်ကျပ်အမောရောဂါ ရလာခြင်းဖြစ်သည်။

ယခုအခါ သူသည် နှလုံးရောဂါဆရာဝန်၏ အကြံပေးချက်အရ နံနက်တိုင်း ကျုံးနံဘေးတွင် လမ်းလျှောက်ပြီး လေ့ကျင့်ခန်း လုပ်နေသည်ကိုတွေ့ရသည်။ သူ၏ဖြစ်ရပ်ကိုကြည့်ပြီး ခြင်ဆေးခွေထွန်းသူများကို အသိပညာပေးဖို့ လိုအပ်ကြောင်း တွေ့ရပေသည်။

တရုတ်ပြည်မှ ဝင်လာသောခြင်ဆေးခွေ တစ်မျိုးတွင် ပိုးသတ်ဆေး အဆိပ်များ လိုအပ်သည်ထက်ပို၍   ပါဝင်နေသဖြင့် အငွေ့ရှူရှိုက်မိသူ   လူအများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထိုနှစ်ကကြေညာခဲ့သည်။ သို့သော် အရပ်ထဲရှိ အိမ်ဆိုင်များတွင် တိုးတိုးတိတ်တိတ် ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

“ဒီမှာရှိတဲ့ခြင်ဆေးခွေက ရိုးသွားပြီ။ ခြင်တွေကမကြောက်တော့ဘူး။ ဒီတရုတ်ခြင်ဆေးကမှ ခြင်သေတာ။ ဖြတ်ပြေးတာနဲ့သေတာပဲ။ ဈေးကလည်း သက်သာတယ်။ ဒါကြောင့် ရောင်းရတယ်။ ဝယ်သူတွေက ဒါပဲမေးကြတယ်”ဟု  ပြောသံကြားရပါသည်။ တတ်ကျွမ်းနားလည်သူ ပညာရှင်များက ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပေးသည်ကို သတိမမူကြ။ ခြင်ပြေးသည့် အကျိုးကိုသာကြည့်ဝယ်ကြသည်ကို တွေ့ရသည်။ လူထုကို အသိပညာပေးရသော အလုပ်သည် လက်တွေ့အကျိုးနှင့် ယှဉ်လာလျှင် အလွန်ခက်ခဲမှုများ ရှိကြောင်း တွေ့ရပါသည်။ လူ့ခန္ဓာကိုယ်တွင် ရှိသောအင်္ဂါ အစိတ်အပိုင်းများသည် အိပ်စက်ချိန်တွင် အနားရကြသော်လည်း လုံးဝအနားမရဘဲ သေသည်အထိ အလုပ်လုပ်သွားရသောအ င်္ဂါမှာ နှလုံးကြွက်သားများပင် ဖြစ်သည်။ ကြွက်သားများဖြင့်ညှစ်ခြင်း၊ ကျုံ့ခြင်း၊ ပွခြင်းအလုပ်များကို စက္ကန့်မလပ် လုပ်ဆောင်ရင်း    ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးများရောက်အောင် ပို့ဆောင်ပေးနေသည်။

ခန္ဓာကိုယ်အစွန်အဖျားမှ ဟောင်းညစ်သွားသော သွေးများကို သွေးပြန်ကြောများမှ တစ်ဆင့် ပြန်လည်သိမ်းဆည်းရသည်။

အမှတ်မထင် ပြုမူမိသော အမှားတစ်ခုကြောင့် နှလုံးရောဂါဖြစ်ပြီး မမျှော်လင့်ဘဲ နှလုံးထိခိုက်မှုခံရကာ သေဆုံးနိုင်သည်ကို သတိပြုကြဖို့လိုသည်။  သင့်တင့်သော လေ့ကျင့်ခန်းမလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်မှုလွန်ကဲခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဓာတုဗေဒပစ္စည်း အငွေ့အသက်များ   ရှူရှိုက်မိခြင်းတို့ကို အထူးသတိပြုကြစေလိုသည်။

ဆေးလိပ်   သောက်သုံးသူများသည် အသက်လေးဆယ် ကျော်လာလျှင် နှလုံးအင်အား ကျဆင်းလာချိန်ဖြစ်သဖြင့် ဆေးလိပ်ဖြတ်သင့်သည်။  ဆေးလိပ်သောက်ခြင်းကြောင့်   နှလုံးသွေးကြောများ ကျဉ်းရုံသာမက တစ်ကိုယ်လုံးရှိသွေးကြောများပါ မာဆတ်တောင့်တင်း သွားသည်ဟုဆိုသည်။

အထူးသဖြင့် ခြေဖျား၊ လက်ဖျားအစွန်အဖျားရှိ သွေးကြောကလေးများ သွေးမရောက်ဖြစ်ကာ ဖြတ်ပစ်ရသူများပင် ရှိသည်။ Heart Attack (နှလုံးတိုက်ခိုက်မှု)ခံရသူအတော်များများမှာ ငယ်စဉ်ကပင် ဆေးလိပ်သောက်ခဲ့သူများ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

ဆေးလိပ်ဖြတ်ခြင်းသည် နောက်ကျသည်ဟူ၍မရှိဘဲ ဆေးလိပ်မသောက်ဘဲ ဖြတ်ထားပြီး လေးနာရီကြာလျှင်ပင် သွေးကြောများ ပြန်လည်ပျော့ပျောင်းလာသည်ဟုဆိုသည်။  ဆေးလိပ်ဖြတ်ပြီး တစ်နှစ်ခန့်ကြာသောအခါ နှလုံးသွေးကြောမကြီးများပင် ပြန်လည်ပျော့ပျောင်း၍ အင်အားကောင်းလာသည်ဟု ဆိုသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း၊ ရုတ်တရက် သေဆုံးခြင်း၊ အိပ်ပျော်နေရင်း သေဆုံးခြင်း စသော နှလုံးရပ်၍  သေဆုံးရခြင်း ဘေးအန္တရာယ်မှ လွတ်ကင်းနိုင်ပေသည်။

နှလုံးရောဂါ ဘာကြောင့်ဖြစ်သနည်းဟု မေးလျှင် ဆေးပညာရှုထောင့်မှ အကြောင်းများစွာရှိသည်။ နှလုံးကြွက်သားများ၊သွေးလှည့်အဖွဲ့၊ နှလုံးသွေးကြောကျဉ်းခြင်း၊ပိတ်ခြင်း၊ နှလုံးအခင်များ မာတောင့်ခြင်း၊နှလုံးဦးခန်းမ ပိတ်သည့်ရောဂါ၊ နှလုံးမွေးရာပါ အပေါက်မပါခြင်း၊ နှလုံးခုန်ကြိမ် မမှန်ကန်ခြင်း၊ ခုန်သောအလုပ်ကို စည်းဝါးညီအောင် မလုပ်ခြင်း၊ လေးဖက်နာပိုးကြောင့် နှလုံးရှိအခင်များ ပျက်စီးခြင်း၊ နှလုံးရောင်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးပွခြင်း စသည့် ရောဂါများစွာရှိသည်။ နှလုံးရောဂါမဖြစ်စေရန် ဆင်ခြင်သင့်သည်များမှာ-

၁။      ဆေးလိပ်မသောက်ပါနှင့်။ သောက်သုံးနေသူများ၏ အငွေ့ကိုပင် ရှောင်ပါ။

၂။      အလွန်ပင်ပန်းသော လေ့ကျင့်ခန်းများ မလုပ်သင့်ပါ။

၃။      အချိုနှင့် အဆီအအိမ့် အလွန်အကဲ မစားပါနှင့်။ သကြားလျှော့စားပါ။

၄။      စိတ်ပင်ပန်းမှုနှင့် အိပ်ရေးပျက်သော အလုပ်များကို ရှောင်ရှားပါ။

၅။      သန့်ရှင်းမှုမရှိ၊ လေကောင်းလေသန့် မရသောနေရာများတွင် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းမှ တတ်နိုင်သမျှရှောင်ကြဉ်ပါ။

ကံ၊ စိတ်၊  ဥတု၊  အာဟာရကြောင့် အကြောင်းများစွာ ရှိသည်မှာမှန်သော်လည်း မိမိနှင့်အနီးစပ်ဆုံး အနေအထိုင်၊ အစားအသောက် ဆင်ခြင်စရာအချို့ကို ဆင်ခြင်နေထိုင်လျှင် မဖြစ်သင့်သော နှလုံးရောဂါကို မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရာ ရောက်ပေသည်။ ခက်ခက်ခဲခဲ မဟုတ်ဘဲ လွယ်ကူစွာ   သတိပြုဆင်ခြင်နိုင်မည့် အကြောင်းအရာများကို ဆင်ခြင်စားသောက်နေထိုင်ပြုမူသဖြင့် နှလုံးရောဂါဒဏ် ခံစားရခြင်း၊ ရုတ်တရက်နှလုံး တိုက်ခိုက်ခံရခြင်း၊ Heart Attack ဖြင့် အသက်ဆုံးရှုံးရခြင်းများ မဖြစ်ရလေအောင် ဆင်ခြင်နိုင်ကြောင်း တင်ပြရေးသား လိုက်ရပေသည်။   ။

ကြည်လွင်မြင့်(မုဒြာ)