အာရှနိုင်ငံများကို ခြိမ်းခြောက်လာသည့် မျောက်ကျောက်ရောဂါ ကူးစက်မှု
ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကူးစက်ဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါသည် ယခုအခါ အာရှဒေသရှိ နိုင်ငံတချို့သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက် ခံရသူတစ်ဦးကို ဇူလိုင် ၂၉ ရက်က ပထမ အကြိမ်အဖြစ် တွေ့ရှိခဲ့ပြီဖြစ်သည်။
ရောဂါကူးစက်ခံရသူမှာ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး ယင်း အမျိုးသားသည် ဖိလစ်ပိုင်နိုင်ငံသို့ ဇူလိုင် ၁၉ ရက်က ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် မျောက်ကျောက် ရောဂါ ကူးစက်မှုများ ဖြစ်ပွားနေသည့် နိုင်ငံတို့သို့ သွားလာခဲ့ဖူးသူဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗက်ဘလီဟိုကပြောသည်။ ကျန်းမာ ရေး အာဏာပိုင်အဖွဲ့က ယင်းအမျိုးသားကို ယခုအခါ သီးခြားခွဲ၍ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်း အမျိုးသားသည် ဆေးရုံသို့ မတက်ရောက်မီ လူ ၁၀ ဦးနှင့် ထိတွေ့ခဲ့ခြင်းကြောင့် အာဏာပိုင်များက ၎င်းတို့ကိုလည်း စောင့်ကြည့်လျက်ရှိသည်။
ဖိလစ်ပိုင်အစိုးရသည် လက်ရှိတွင် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှ ကာ ကွယ်နိုင်ရန် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် ကာကွယ် ဆေးရရှိရေး အတွက်လည်း ကြိုးပမ်းလျက် ရှိသည်။ တခြားအရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၌လည်း ပထမအကြိမ်အဖြစ် မျောက်ကျောက် ရောဂါ ကူးစက်ခံထားရသူ အမျိုးသား တစ်ဦးကို တွေ့ရှိခဲ့ကြောင်း The Nation သတင်းစာတွင် ပြီးခဲ့သည့် ရက်သတ္တပတ် ကဖော်ပြခဲ့သည်။ ရောဂါကူးစက် ခံထားရသူ အမျိုးသားသည် နိုက်ဂျီးရီးယားနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ပြီး နာမည်ကြီးဖူးခက် အပန်းဖြေမြို့ရှိ ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူရာမှ ရောဂါကူးစက် ခံထားရသူဖြစ်ကြောင်း ထိုင်း ကျန်းမာရေး အာဏာပိုင်အဖွဲ့က တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
အဆိုပါနိုက်ဂျီးရီးယား နိုင်ငံသားသည်ဆေးရုံ၌ ကုသမှုခံယူနေရာမှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားသောကြောင့် ထိုင်းအစိုးရက ၎င်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လိုက်လံဖမ်းဆီးခဲ့ရသည်။ ယင်းနောက် ဖူးခက်ကျန်းမာရေး အာဏာပိုင်အဖွဲ့က အဆိုပါနိုက်ဂျီးရီးယား နိုင်ငံသားနှင့် ထိတွေ့မိသူများကို လိုက်လံရှာဖွေနိုင်ခဲ့ပြီး စောင့်ကြည့်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ယင်းအမျိုးသားနှင့် ထိတွေ့ဆက်ဆံခဲ့သူ အရေအတွက်မှာ ၁၉ ဦးရှိသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။ ထိုင်းအစိုးရက အဆိုပါ လူ ၁၉ ဦးကို နေရာဒေသခြောက်ခု၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေတွေ့ရှိ သူများသည် နိုက်ဂျီးရီးယား နိုင်ငံသားနှင့် ထိတွေ့ဆက်ဆံခဲ့သူများ ဖြစ်သောကြောင့် ရောဂါကူးစက်နိုင်ခြေများသည့် လူများ အဖြစ် သတ်မှတ်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ၎င်းတို့အနက် နှစ်ဦးမှာ ရောဂါကူးစက်ခံထားရခြင်း မရှိသော်လည်း တခြားသူများ၏ ဆေးစစ်ချက်အဖြေများကိုမူ လာမည့်ရက်ပိုင်းအတွင်း သိရှိရမည် ဖြစ်သည်။
ယင်းနောက်တွင် မျောက်ကျောက်ရောဂါ ကူးစက်မှုနှင့်စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကြား အရေးပေါ် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီးနောက် မျောက်ကျောက်ရောဂါ သတိပြုရေး သတိပေးချက်ကို နိုင်ငံတော် အဆင့်အနေဖြင့် ထုတ်ပြန်ခဲ့ရသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ မျောက်ကျောက် ရောဂါစောင့်ကြည့်ရေးနှင့် ထိန်းချုပ်ရေး အစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ အရေးပေါ်ကုသရေး စင်တာက တာဝန် လွှဲပြောင်းယူသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး အနွတ်တင်ချန်းဗီရာကူ က ပြောကြားထားသည်။
အစိုးရသည် ယခုအခါ နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများတွင် မျောက် ကျောက်ရောဂါ ကူးစက်ခံထားရခြင်း ရှိ၊ မရှိကို နယ်စပ်ဝင်ပေါက်များ၌ စစ်ဆေးရန် ညွှန်ကြားထားသည်။ ထို့ပြင် ရောဂါ ကူးစက်မှု မြင့်တက်နေသည့် နိုင်ငံများမှ ဝင်ရောက်လာသူများကို အထူးဂရုစိုက်စစ်ဆေးရန် အစိုးရက ဆက်လက်ညွှန်ကြားထားသည်။ နိုင်ငံအတွင်းရှိ ပြည်သူများကို ကာကွယ်ပေးရန်အတွက် မျောက်ကျောက်ရောဂါ ကာကွယ်ဆေး အလုံအလောက်ရှိထားသည်ဟု ထိုင်းအစိုးရက အာမခံပြောကြားထားသည်။
အလားတူပင် အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယ၌လည်း အသက် ၃၄ နှစ် အရွယ် အမျိုးသားတစ်ဦး မျောက်ကျောက်ရောဂါ ထပ်မံကူးစက်ခံရကြောင်း PTI သတင်းအေဂျင်စီက အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသားသည် မြို့တော်နယူးဒေလီမှဖြစ်ပြီး ပြည်ပသို့ ခရီးသွားလာဖူးခြင်း မရှိဘဲ ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ လေးဦးရှိပြီဖြစ်သည်။
ရောဂါကူးစက်ခံရသူ အမျိုးသားသည် လက်ရှိတွင် မြို့တော်ရှိ အစိုးရပိုင်ဆေးရုံ တစ်ရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။ယင်းအမျိုးသားသည် ဖျားနာမှုနှင့် အရေပြားပေါ်တွင် အနာများ ဖြစ်ပွားနေသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင်မရှိဟု ဆေးရုံမှတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ ဥရောပဒေသနှင့် အမေရိကန်တို့၌ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာပြီးနောက် အိန္ဒိယ အစိုးရက ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ထိန်းချုပ်မှုများ လုပ်ဆောင်နေစဉ် ရောဂါ ကူးစက်မှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ ယခင်ကလည်း မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ သုံးဦးကို နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် အတွင်း ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။
၎င်းတို့သုံးဦးအနက် နိုင်ငံအတွင်း ပထမ အကြိမ်အဖြစ် ရောဂါ ကူးစက်ခံရသူမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ယင်းအမျိုးသားသည် အရှေ့ အလယ်ပိုင်းဒေသရှိ အာရပ်စော်ဘွား များ ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ကီရာလာပြည်နယ်သို့ ပြန်ရောက်လာ ပြီးနောက်ပိုင်းတွင် ရောဂါကူးစက်ခံရသည့် လက္ခဏာများ စတင်ပြသခဲ့ခြင်းဖြစ် သည်။
လတ်တလော ကမ္ဘာပေါ်ရှိ ဒေသနှင့် နိုင်ငံပေါင်း ၇၅ ခုတွင် မျောက်ကျောက် ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ၁၆၀၀၀ ကျော်ရှိလာပြီဖြစ်သည်။ ထို့ ကြောင့် အဆိုပါရောဂါ ကူးစက်မှုကို အများပြည်သူ အရေးပေါ် ကျန်းမာရေးအတွက် အပြည်ပြည်ဆိုင်ရာ စိုးရိမ်မှုတစ်ရပ်အဖြစ် သတ်မှတ်၍ အများပြည်သူ ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း အမေရိကန်၌ ကလေးသူငယ် များတွင်ဖြစ်ပွားသည့် မျောက်ကျောက် ရောဂါကူးစက်မှုနှစ်ခုကို အာဏာပိုင်များ က တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားရှိ အစိုးရများ အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် မျောက်ကျောက်ရောဂါ ကူးစက်မှုနှင့် စပ်လျဉ်း၍ ပိုမိုပါဝင်လုပ်ဆောင်ကြရန် သိပ္ပံပညာရှင်များနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ထပ်တလဲလဲတိုက် တွန်းထားကြခြင်း ဖြစ်သည်။
မျောက်ကျောက်ရောဂါ ကူးစက်မှုသည် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်ကာပူ၌လည်း အစောပိုင်းက ဖြစ်ပွားခဲ့သည်။ ယင်းနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ခြောက်ဦး ရှိသည်ဟုဆိုသည်။ ယခုအခါ ထိုင်းနိုင်ငံ ၌ ပထမအကြိမ်အဖြစ် ပြည်ပမှ ဝင် ရောက်လာသည့် နိုက်ဂျီးရီးယားနိုင်ငံသား တစ်ဦးတွင် ရောဂါကူးစက်မှုကို တွေ့ရှိ လာရပြီဖြစ်သည်။ အလားတူ အိန္ဒိယ ၌လည်း နိုင်ငံ၏စတုတ္ထမြောက်ရောဂါ ကူးစက်ခံရသူကို ထပ်မံတွေ့ရှိထားသည်။
ထို့ကြောင့် မျောက်ကျောက်ရောဂါသည် အာရှဒေသ အပါအဝင် ကမ္ဘာ့နိုင်ငံများကို ခြိမ်းခြောက်လာပြီ ဖြစ်သောကြောင့် နိုင်ငံများအနေဖြင့် အဆိုပါရောဂါ ကူးစက် မှုနှင့်စပ်လျဉ်း၍ ပေါ့ပေါ့ဆဆ မတွေးသင့်ဘဲ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ထိရောက်သော အစီအမံများကို ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပါသည်။ ။
Ref: Bloomberg, ST
ဇေယျဘုန်း