ဒီခေတ်ကြီးမှာ တစ်ဖက်သတ် အရေးယူပိတ်ဆို့ခြင်းက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ မသိလေရော့သလား

ဒီခေတ်ကြီးမှာ တစ်ဖက်သတ် အရေးယူပိတ်ဆို့ခြင်းက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ မသိလေရော့သလား

    နိုင်ငံကြီးများ အထူးသဖြင့် အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပြီဆိုရင်  သူတို့ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။

အဲဒါကတော့ သူတို့ရဲ့အရေးယူ ပိတ်ဆို့မှုတွေက အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုသာ ထိခိုက်စေဖို့ ရည်ရွယ်တာဖြစ်ပြီး သာမန်ပြည်သူတွေကို မထိခိုက်စေပါဘူးဆိုတာပါပဲ။

သူတို့အနေနဲ့ သာမန်ပြည်သူတွေကို တိုက်ရိုက်ထိခိုက်အောင် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေ မချမှတ်ဘူးဆိုသည့် တိုင်အောင် အဲဒီအရေးယူ ပိတ်ဆို့မှုတွေရဲ့ဒဏ်ကို သာမန်ပြည်သူတွေကပဲ အများဆုံး ခံစားရတယ်ဆိုတာ သီရိလင်္ကာဖြစ်စဉ်က သက်သေပြနေပါတယ်။

ယနေ့  ကျွန်တော်တို့နေထိုင်နေရတဲ့ ကမ္ဘာကြီးဟာ စိန်ခေါ်မှုများစွာနဲ့ပြည့်နှက်နေတာပါ။ ကမ္ဘာမှာ ကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါကြီးဖြစ်တယ်။ နောက်ဆက်တွဲ အနေနဲ့ တစ်ကမ္ဘာလုံးစီးပွားရေး ကျဆင်းသွားတယ်။

တကယ်လို့သာ ကိုယ့်ရဲ့စီးပွားရေးဓနအင်အားက သိပ်ကိုတောင့်တင်း လွန်းတယ်ဆိုရင်တော့ ဒီလိုမျိုး တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းမှုမှာ ကြံ့ကြံ့ခံနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်းဟာ ဇာတ်လိုက်မင်းသား မဟုတ်ပါဘူး။

ဒီအတိုင်းပဲ နိုင်ငံတိုင်းဟာလည်း စီးပွားရေး ဓနအင်အား သိပ်ကိုတောင့်တင်းနေကြတာ မဟုတ်ပါဘူး။ အသေးစားနဲ့ အလတ်စား အဆင့်ရှိ စီးပွားရေးကိုသာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေကတော့ ဇာတ်လမ်းထဲမှာ အထိုးလည်း ခံရသေးတဲ့အပြင် သရုပ်ဆောင်ကြေးကျ မစို့မပို့လေးရတဲ့ လူကြမ်းမင်းသားတွေလိုမျိုး ခံဘက်ကချည်းပါပဲ။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ သတ်မှတ်ချက်အောက်မှာရှိတဲ့ နိုင်ငံငယ်တွေ အားလုံး နီးပါးဟာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့အားပါပါ ထိုးနှက်မှုဒဏ်တွေကို အလူးအလဲ ခံလိုက်ရတာပါ။

လက်ရှိ စီးပွားရေး ချွတ်ခြုံကျသွားတဲ့ သီရိလင်္ကာနိုင်ငံကိုပဲကြည့်ပါ။ သီရိလင်္ကာနိုင်ငံဟာ လူသုံးကုန်ပစ္စည်း တင်ပို့မှု၊ခရီးသွားလုပ်ငန်းနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ငွေလွှဲမှုတွေကနေတစ်ဆင့်သာ နိုင်ငံခြား အရန်ငွေကို စုဆောင်းရတာပါ။

တစ်နည်းပြောရရင် အဲဒီကဏ္ဍသုံးခုစလုံးက နိုင်ငံခြားငွေကြေးရ ပေါက်ရလမ်းတွေချည်း ပါပဲ။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်မှာ  ဒီကဏ္ဍသုံးခု စလုံးရဲ့လည်ပတ်မှုဟာ ရပ်တန့်လုနီးပါး ဖြစ်သွားတဲ့အတွက် သီရိလင်္ကာ အစိုးရမှာ နိုင်ငံခြားငွေကြေး အဝင်မရှိတော့ပါဘူး။

ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံအပေါ် အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက  တစ်ဖက်သတ် အရေးယူပိတ် ဆို့မှုတွေ ချမှတ်လိုက်ခြင်းက သီရိလင်္ကာနိုင်ငံရဲ့ ဆိုးဝါးနေတဲ့ အခြေအနေအပေါ် မီးလောင်ရာလေပင့် လိုက်သလိုပါပဲ။

ဒီနေရာမှာ မေးစရာရှိတာက သီရိလင်္ကာနိုင်ငံဟာ ပဋိပက္ခထဲမှာလည်း မပါဝင်ဘူး။ ပဋိပက္ခဖြစ်ပွားရာနေရာနဲ့လည်း တောင်နဲ့မြောက်ဆိုသလို ဆန့်ကျင်ဘက်နေရာမှာ။ ဒါပေမဲ့ အမေရိကန်ရဲ့အနောက်အုပ်စုက ရုရှားအပေါ်ချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုရဲ့ ရိုက်ခတ်မှုကို   သီရိလင်္ကာနိုင်ငံက ဘာကြောင့် ခံစားရတာလဲဆိုတဲ့  အချက်  ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ နိုင်ငံရေး သဘောတရား တစ်ခုမှာ ပဋိပက္ခဖြစ်ပြီဆိုရင် ငြိမ်းချမ်းရေးရအောင် ဆွေးနွေးခြင်းအားဖြင့် အဲဒီပဋိပက္ခကို ဖြေရှင်းရမယ်၊ ပဋိပက္ခကို ပိုဆိုးစေမယ့် ဘယ်လိုအရာကိုမဆို ဖယ်ရှားရမယ်ဆိုတဲ့ အခြေခံသဘောတရား ပါဝင်ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ အနောက်အုပ်စုကတော့ အဲဒီသဘောတရားကို လိုက်နာကျင့်သုံးပြီး ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့ နေနေသာသာ ဒီသဘောတရားကို ကောင်းကောင်ကြီး လျစ်လျူရှုပြီး မီးစာကိုဆီစွတ်သလို ဆိုးဝါးနေတဲ့ အခြေအနေကို ပိုဆိုးအောင်သာ လုပ်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။

အဲဒီလိုမီးစာကိုဆီစွတ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုတို့ရဲ့ လုပ်ရပ်ကို အဆိုးဆုံး ခံစားရသူတွေကတော့ ယူကရိန်းပြည်သူ၊ ရုရှားပြည်သူတို့အပြင် သီရိလင်္ကာပြည်သူလိုမျိုး ဘာမဆိုင်ညာမဆိုင် နိုင်ငံများမှ ပြည်သူများပဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ရုရှားအပေါ် စီးပွားရေးအရ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုကို လူသားတွေခံစားရတဲ့ ဒုက္ခဆိုတဲ့ရှုထောင့်ကနေ ငဲ့ကြည့်ကြရအောင်။

ယူကရိန်းအပေါ် ရုရှားကအထူးစစ်ဆင်ရေး ဆင်နွှဲတာကို အမေရိကန်နဲ့ အနောက်အုပ်စုက  ရုရှားအပေါ်စီးပွားရေးအရ တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုတွေချမှတ်ခြင်းကြောင့်  ကမ္ဘာတစ်ဝန်းမှာ ရေနံနဲ့သဘာ ဝဓာတ်ငွေ့ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတယ်။  သဘာဝဓာတ်ငွေ့ ရှားပါးမှုတွေဖြစ်လာတယ်။

စားနပ်ရိက္ခာထဲကဆိုရင်  ဂျုံဈေးနှုန်းတွေက မထင်ထားလောက်အောင် မြင့်တက်လာတယ်။ ဒီအချက်က သီရိလင်္ကာလိုမျိုးနိုင်ငံတွေအပေါ် ကြီးစွာသော သက်ရောက်မှုဖြစ်ပေါ်စေတာပါပဲ။

အင်အားကြီး နိုင်ငံတစ်နိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုတွေချမှတ်ခြင်းဟာ အရေးယူပိတ်ဆို့သူတွေမျှော်မှန်းထားတဲ့   အကျိုးဆက် ရလာလိမ့်မယ်လို့ ဘယ်တုန်းကမှ အာမခံချက်မရှိခဲ့ပါဘူး။ ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုရင် အဲဒီအင်အားကြီး နိုင်ငံဆိုတာ နိုင်ငံရေး အရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော် လည်းကောင်း အင်အား အလွန်ကြီးမားတဲ့အတွက် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေကို အပြုံးမပျက်ဘဲ ခံနိုင်ရည်ရှိပါတယ်။

ဒီလိုခံနိုင်ရည်ရှိတဲ့ အတွက်လည်း သူ့နိုင်ငံကို အနေအထားတစ်ခုမှာ တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ရွှေကိုအရန်အနေနဲ့ဝယ်စုတဲ့ လုပ်ငန်းနဲ့ အခြားသော လုပ်ငန်းတွေကို   ဟန်မပျက် ဆက်လက်လည်ပတ်နိုင်စွမ်း ရှိပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခမဖြစ်ခင်က ကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်း တစ်စည်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်သာ ရှိပါတယ်။

အဲဒီပဋိပက္ခဖြစ်ပြီး အနောက်အုပ်စုကရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ချိန်မှာတော့ ရေနံစိမ်းတစ်စည်တန်ဖိုးက ဒေါ်လာ ၁၂၀ ဝန်းကျင်အထိမြင့်တက်လာခဲ့ပါတယ်။

ဒီတော့ ကွာခြားသွားတဲ့ ဒေါ်လာ ၄၀ ကျော်ကို ဘယ်သူတွေက ပေးနေရတယ်ထင်ပါသလဲ။ ကျွန်တော်တို့လို သာမန်ပြည်သူတွေကသာ ပေးနေရတာဖြစ်ပါတယ်။ ဒါကြောင့် ဟင်းရဲ့အရသာကို ခံစားရတာက လျှာဖြစ်ပြီး ဟင်းအိုးထဲမှာ အပူခံရတာက  ယောက်မဆိုသလိုဖြစ်နေပါပြီ။

တကယ်တမ်းမှာ   အရေးယူပိတ်ဆို့မှုတွေက အလွန်တရာ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုဖြစ်ပေါ်စေတာကြောင့် အရေးယူ ပိတ်ဆို့ခြင်းရဲ့ အကျိုးဆက်ကို လေ့လာဖို့အချိန်တန်နေပါပြီ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မျက်နှာစာမှာဆိုရင်လည်း လူ့အခွင့်အရေးဆိုတာ အမှန်တကယ် ဘာကိုဆိုလိုတာလဲ၊ လူ့အခွင့်အရေးဆိုတာ  ကိုယ်ကလွဲရင် တခြားသူတွေကို တိုက်ခိုက်ဖို့လက်နက်ဖြစ်နေပြီလား၊  လူ့အခွင့်အရေးဆိုတာ နိုင်ငံရေးအရ အကြီးအကျယ် အသုံးချခံနေရပြီလားဆိုတဲ့ မေးခွန်းကို ထုတ်ဖို့သင့်ပါပြီ။

တစ်ကမ္ဘာလုံးသာညီညွတ်နေမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ မျှတမှုတွေ ထွက်ပေါ်လာမှာပါ။ ကျွန်တော်တို့ အားလုံးထဲမှာ အနိုင်ကျင့် ဗိုလ်ကျလွှမ်းမိုးသူကို ကြိုက်တဲ့သူရှိမယ် မထင်ပါဘူး။

ဒါပေမဲ့ ကံဆိုးစွာပဲ ကျွန်တော်တို့ကမ္ဘာကြီးဟာ စည်းလုံးညီညွတ်မှု ပျက်စီးယိုယွင်းနေတဲ့ အတွက် အင်အားနည်းတဲ့နိုင်ငံတွေဟာ အင်အားကြီးတဲ့ နိုင်ငံတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျ လွှမ်းမိုးမှုကိုခံနေရပါတယ်။ သူတို့ရဲ့ ပြောစကားတွေကပဲ နောက်ဆုံးမှာ လွှမ်းမိုးပျံ့နှံ့သွားရပါတယ်။

ဒီအတွက်ကြောင့် လူ့အခွင့်အရေးဆိုတဲ့ အကြောင်းအရာပေါ်  ချဉ်းကပ်မှု နည်းလမ်းအသစ်က အရေးပေါ် လိုအပ်လာပါ ပြီ။ အဲဒီလိုအပ်ချက်ထဲမှာ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် သတ်မှတ်ပေးဖို့လည်း ပါဝင်ပါတယ်။

ဒီတော့ အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် အခုလို ၂၁ ရာစုမှာ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်က အရေးယူ ပိတ်ဆို့သူတွေ ပစ်မှတ်ထားတဲ့ နိုင်ငံအပေါ် ကိုသာမက အရေးယူပိတ်ဆို့ခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်းမရှိတဲ့ တခြားနိုင်ငံတွေအပေါ်ကိုပါ   သက်ရောက်ခြင်း ရှိ၊မရှိဆိုတာကို  ရေရှည်မျှော်ကြည့်သင့်ပါပြီ။

ဗိုလ်ကျလွှမ်းမိုးလိုတဲ့စိတ်တွေ၊ လူ့အခွင့်အရေးကို နိုင်ငံရေး လက်နက်တစ်ခုအနေနဲ့ အသုံးချမှုတွေ၊ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေဟာ  တကယ်ကို ဆိုးဝါးလွန်းတဲ့ အရာတွေပါပဲ။

ဒါ့အပြင် ဒီလိုတစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေဟာ သာမန်ပြည်သူ အများအပြားရဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အင်အားကြီးတိုင်း ဗိုလ်ကျလွှမ်းမိုးလိုတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ လုပ်ရပ်တွေကို ထင်ထင်ရှားရှား မြင်သင့်သလို တစ်ကမ္ဘာလုံးကလည်း ဒီပြဿနာကို အလေးအနက်ထား ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။          ။                                    

Ref: Global Times

ထက်မြတ်