မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ပြင်ဦးလွင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၃၁
မိုးသည်းထန်စွာရွာသွန်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ပြည်တော်သာရပ်ကွက်၊ ရပ်ကွက်ကြီး(၉)၊ ရပ်ကွက်ကြီး(၁၈)နှင့် ဆင်လမ်းကျေးရွာတို့ရှိ မြေနိမ့်ပိုင်းများ၌ ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုများကြောင့် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ရေဘေးသင့် အိမ်ထောင်စု ၁၀၈၈ စုတို့ကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီကယ်ဆယ်ရေးများဆောင်ရွက်ပေးခြင်း၊ ပြိုကျပျက်စီးနေသည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်း ပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးကာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ ရွှေဆင်မင်း သီလရှင်ကျောင်းတိုက်ရှိ သာသနာနွယ်ဝင်သီလရှင်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ရပ်ကွက်ကြီး(၁)နှင့် ရပ်ကွက်ကြီး(၄)တို့ရှိ ဓမ္မာရုံများ၌ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။