ဘဝနတ်ထံ ပျံလွန်တော်မူလေပြီးသော စစ်တွေမြို့၊ မဏိရတနာပရိယတ္တိစာသင်တိုက် ၏ အာဒိကမ္မိက ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ သောမ၏ အဂ္ဂါဘိဓဇ မော်ကွန်းပြတိုက် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၃၁
ဘဝနတ်ထံပျံလွန်တော်မူလေပြီးသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင် ရပ်ကွက်ရှိ မဏိရတနာပရိယတ္တိစာသင်တိုက်၏ အာဒိကမ္မိက ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်သံဃမဟာနာယက (ငြိမ်း) ဖြစ်တော်မူသော သက်တော် ၈၂ နှစ်၊ သိက္ခာတော် ၆၂ ဝါရှိ ကျေးဇူးတော်ရှင် ဘဒ္ဒန္တသောမမဟာထေရ်မြတ်၏ အဂ္ဂါဘိဓဇမော်ကွန်းပြတိုက် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါပရိယတ္တိစာသင်တိုက်ဝင်းအတွင်း မော်ကွန်းတိုက်တည်ဆောက်မည့် မြေနေရာ၌ ပြုလုပ်ရာ စစ်တွေမြို့၊ တပ်ဦးဆုတောင်း ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့ဖွင့်လှစ်၍ ပဌာန်းပစ္စယုဒ္ဓေသပါဠိတော်ကို သုံးကြိတ်ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရတနာကိုးပါး အုတ်မြစ်တော်များကို သတ်မှတ်နေရာအသီးသီးတွင် စီချပေးပြီး သံဃာ တော်များက ဇယန္တောဗောဓိရာမူလေ ဂါထာအား သုံးကြိမ်ရွတ်ဆိုတော်မူကြသည်။
ယင်းနောက် အဂ္ဂါဘိဓဇမော်ကွန်းပြတိုက် ဆောက်လုပ်ရန်အတွက် ပြည်နယ် အစိုးရအဖွဲ့၏ ကနဦးမတည်သော အလှူငွေ ကျပ်သိန်း ၁၀၀ နှင့် အလှူရှင်များ၏ အလှူငွေများပေးအပ်ခြင်းကို ဆက်လက်ပြုလုပ်ရာ တက်ရောက်လာကြသူများက တပ်ဦးဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တသုတ္တံပရိတ်တရားတော်များ နာယူ ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မော်ကွန်းတိုက် ဆောက်လုပ်ရန်အတွက် အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းကြပြီး စစ်တွေမြို့၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြကြောင်း သတင်းရရှိသည်။