မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး ၂၀၂၂ ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို လီဗာပူးအသင်း ဆွတ်ခူးရရှိ
၂၀၂၂ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအဖြစ် လက်စတာ အသင်းအိမ်ကွင်း ကင်းပါဝါ၌ မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားရာ လီဗာပူးအသင်း က ၃ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို ပြီးခဲ့သည့်ဘောလုံး ရာသီက ပရီးမီးယားလိဂ် ချန်ပီယံနှင့် အက်ဖ်အေဖလား ချန်ပီယံနှစ်သင်း ကစားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်းနှင့် အက်ဖ်အေဖလား ချန်ပီယံဆုကို လီဗာပူးအသင်းက ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ပွဲစတင်ကတည်းက နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်သော်လည်း ထိရောက်သည့် တိုက်စစ်ဆင်မှုမပြုလုပ်နိုင်ဘဲ လီဗာပူးအသင်းက တန်ပြန်တိုက်စစ်များမှတစ်ဆင့် အကောင်းဆုံးဖိအားပေး ကစားနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန် ၂၁ မိနစ်တွင် အာနိုးလ်က လီဗာပူးအသင်း အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့၍ ပွဲချိန်ပထမပိုင်းတွင် လီဗာပူးအသင်း က ၁ ဂိုး- ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း မန်စီးတီး အသင်း၏ ချေပဂိုးအတွက် ပြန်လည်ဖိအားပေးမှုများ ကြောင့် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် မိနစ် ၇၀ တွင် အယ်ဗာရက်ဇ်က မန်စီးတီးအသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၈၃ မိနစ်တွင် ပယ် နယ်တီမှတစ်ဆင့် ဆာလက်ချ်က လည်းကောင်း၊ ပွဲချိန် ၉၄ မိနစ်တွင် ဒါဝင်နူနက်စ်ကလည်းကောင်း လီဗာပူး အသင်းအတွက် သွင်းဂိုးများသွင်းယူနိုင်ခဲ့သည်။
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းအနေဖြင့် အပိုင်အခွင့်အရေးများ ရရှိခဲ့သော်လည်း လွဲချော်ခဲ့ သည့် အတွက် လီဗာပူးအသင်းက ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။