မိတ်ကောင်း ဆွေကောင်း အိမ်နီးချင်းကောင်း တပ်မတော်၏ ၉၅ နှစ်တာခရီး . . . . .

မိတ်ကောင်း ဆွေကောင်း အိမ်နီးချင်းကောင်း တပ်မတော်၏ ၉၅ နှစ်တာခရီး . . . . .

လူသားတို့သည်  တစ်ဦးတစ်ယောက်တည်း ထီးတည်းရှင်သန်ရပ်တည် နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှ၏။ သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရန် အေးအတူ ပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်း ကောင်းများ ရှိရန် အထူးတလည်ပင်လိုအပ်လှပေသည်။

သစ်ပင်ပန်းမန်တို့သည်  တစ်ပင်တည်းထီးတည်းရပ်တည်ခြင်းထက် အစု အဖွဲ့ဖြင့်ရှိနေမှသာ လေဒဏ်မိုးဒဏ်ကို  ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။  လူတစ် ဦးတစ်ယောက်၊ သစ်ပင်တစ်ပင်ကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံ အတွက် လည်း မိတ်ကောင်းဆွေမွန်လိုအပ်ပါသည်။ မိသားတစ်စု၊ အဖွဲ့တစ်ဖွဲ့၊  ကျေးရွာ တစ်ရွာမှသည် တူရာလူမျိုးစုများကိုစုစည်းပြီး လူသားမျိုးနွယ်များ စုပေါင်းနေထိုင်ကြရာမှ တိုင်းနိုင်ငံအသီးသီးဖြစ်ပေါ် လာခဲ့ကြသည်။ လူ့အဖွဲ့ အစည်းဟူ၍ ပေါ်ပေါက်လာသည့်နောက် သမိုင်းဦးဘုံမြေခေတ်၊ ကျွန်ပိုင်ရှင် ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်ကာလတို့မှသည် ကာလရွေ့လျားလာသည် နှင့်အမျှ နိုင်ငံတစ်ခုအတွက် လိုအပ်သောစံနှုန်းသတ်မှတ်ချက်များကို ပြဋ္ဌာန်းလာခဲ့ရာ မျက်မှောက်ကာလတွင်  ကမ္ဘာပေါ်၌ အချုပ်အခြာ အာဏာ ပိုင်နိုင်ငံတစ်ခုအဖြစ်သတ်မှတ်နိုင်ရေးအတွက် ပိုင်နက် နယ်မြေ၊ အမြဲတမ်း နေထိုင်သည့် လူဦးရေ၊ အုပ်ချုပ်သည့်အစိုးရ၊  အချုပ်အခြာအာဏာနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုဟူသည့် အချက်များနှင့်ပြည့်စုံရန် လိုအပ် သည်ဟုဆိုလာကြပါသည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ဟူ၍ ဖြစ်လာ သည်နှင့် အိမ်နီးချင်းဆိုသည်မှာ ရှိလာရစမြဲပင်ဖြစ်သည်။ အိမ်နီးချင်းဟု ဆိုသည်နှင့် မိမိကိုအကျိုးပြုသော အိမ်နီးချင်းများရှိနိုင်သကဲ့သို့ မိမိထံမှ အကျိုးအမြတ်များကိုသာမျှော်ကိုးသော  အိမ်နီးချင်းများလည်းရှိတတ်ကြပါသည်။ သို့သော် ရွေးချယ်၍ရကောင်းသော အရာမဟုတ်ပါချေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်အာရှတိုက်၏  အရှေ့တောင် ဘက်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်၏အနောက်ဘက်ဆုံးအပိုင်းတွင် တည်ရှိ သည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင်  တရုတ်နိုင်ငံ၊ အရှေ့ဘက် တွင် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ ထိုသို့နယ်နိမိတ်ချင်းထိစပ်နေသည့်  အိမ်နီးချင်း ငါးနိုင်ငံအထဲတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ် နိမိတ် အရှည်လျားဆုံး ထိစပ်နေသည့်နိုင်ငံတစ်ခုပင်ဖြစ်သည်။  နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်  ရှည်လျားသောသမိုင်းကြောင်းနှင့်အတူ  မိတ်ဝတ်မပျက် ချစ်ကြည် ရင်းနှီး စွာဖြင့် အိမ်နီးချင်းကောင်းပီသစွာ ယှဉ်တွဲနေထိုင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်သည်။

၁၉၁၁ ခုနှစ်တွင် ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်သည့် တုန်မင်ဝှေ့ (ခေါ်) အမျိုးသားအသင်းအဖွဲ့များသည် တရုတ်ပြည်အတွင်း နှစ်ပေါင်း ၂၆၀ ကျော်မျှ အုပ်စိုးလာခဲ့သော မန်ချူးတို့ကိုတော်လှန်ခဲ့ကြပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် တရုတ်သမ္မတနိုင်ငံကို   ထူထောင်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် တရုတ်အမျိုးသားရေးပါတီအဖြစ် ဖွဲ့စည်းသည့် ကူမင်တန် ပါတီ(KMT)နှင့် ကွန်မြူနစ် ခေါင်းဆောင်များဦးဆောင်ဖွဲ့စည်းသည့်  တရုတ် ကွန်မြူနစ်ပါတီနှစ်ခုကြား ကာလရှည်စစ်ပွဲများဖြစ်ပွား ခဲ့ပြီး မော်စီတုန်း ၏ဦးဆောင်မှုဖြင့်  ကွန်မြူနစ်တို့က အောင်ပွဲရရှိခဲ့ကြသည်။ ၁၉၄၉ ခုနှစ် အောက်တို ဘာလ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ထူထောင် ကာ အစိုးရအဖွဲ့ကို ပီကင်းမြို့တော်တွင်  ရုံးစိုက်ခဲ့သည်။ မြန်မာနိုင်ငံ အနေ ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်မှုကို တရားဝင် အသိ အမှတ် ပြုသည့်  ကြေညာချက်တစ်ရပ်အား ၁၉၄၉ ခုနှစ်ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ မြန်မာနိုင်ငံ၏တရုတ်နိုင်ငံအပေါ် ကြိုဆို ထောက်ခံ ခြင်းသည် အာရှတိုက်တွင် အစောဆုံးအသိအမှတ်ပြု ပေးသည့် နိုင်ငံဖြစ်ခဲ့သည်။  တရုတ်နိုင်ငံအနေဖြင့်လည်း ထိုသို့မြန်မာနိုင်ငံ၏ ခရီးဦး ကြိုဆိုမှုနှင့် အစိုးရချင်းတရားဝင် အသိအမှတ်ပြုမှုအပေါ်  ဝမ်းသာကျေးဇူး တင်ရှိပါကြောင်း  ပြန်လည်တုံ့ပြန်ခဲ့သည်။ မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည် ရင်းနှီးမှုအကျိုးစီးပွားကို မလိုလားသော အမေရိကန်နှင့် အနောက်နိုင်ငံများ ၏ ပံ့ပိုးမှုဖြင့် တရုတ်ဖြူကူမင်တန်တပ်များသည် ၁၉၅၀ ပြည့်လွန်ကာလ များတွင် မြန်မာနိုင်ငံအတွင်း တဖြည်း ဖြည်းနှင့်ခြေကုတ်ယူကာ နယ်မြေ ချဲ့ထွင်ရန် ကြိုးပမ်းလာခဲ့ကြပါသည်။  အမေရိကန်၏ပံ့ပိုးမှုဖြင့်အစပြု ခဲ့သော တရုတ်ဖြူကျူးကျော်မှုသည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ကိုပျက်ပြားစေရန်  ရည်ရွယ်ခဲ့သည်။ သို့သော် မြန်မာနှင့်တရုတ်သည် “ဘယ်သူ တရားပျက်ပျက်၊ ကိုယ်မပျက်စေနှင့်”ဟူသည့်အတိုင်း ကူမင်တန် တို့အား  လက်တွဲညီညီ  နိုင်ငံအတွင်းမှမောင်းထုတ်ကာ အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော် ချင်း ရင်းရင်းနှီးနှီးရှိခဲ့ခြင်းဖြင့် အိမ်နီးချင်းကောင်းပီသမှုကို ပြသနိုင်ခဲ့သည်။

တရုတ်မြန်မာဆက်ဆံရေးနှင့်ပတ်သက်၍ ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင်  တရုတ်မြန်မာနယ်နိမိတ် စာချုပ်  အတည်ပြုစာချွန်တော်များလဲလှယ်ရန်  တရုတ်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိစဉ် တရုတ်ဝန်ကြီးချုပ်  ချူအင်လိုင်းက   “တရုတ်မြန်မာနှစ်နိုင်ငံပြည်သူတို့ ကူးလူးဆက်ဆံလာ ခဲ့ကြတာ ရှေးအထက်ကျော်ကာရီကတည်းကဖြစ်ပါ တယ်။ အက္ခရာတင်မှတ်တမ်းများကို ကျွန်တော်တို့ နိုင်ငံ ဟန်မင်းဆက် သမိုင်းစာတမ်းများကစပြီးတွေ့နိုင် ပါတယ်။ ကျွန်တော်တို့နိုင်ငံ ဟန်မင်းဆက် ကဗျာဆရာ များဟာ ဟိုးအခါက တရုတ်ပြည်မှာ တင်ဆက်ကပြ ခဲ့ကြတဲ့ မြန်မာတေးဂီတနဲ့အကတို့ကို ကဗျာများ အထူးဖွဲ့နွဲ့သီကုံးပြီး ချီးကျူးခဲ့ဖူးပါတယ်။ ဒီလို အပြန် အလှန်သွားလာတာဟာ အခါမလပ် တိုးပွားလာခဲ့ပါ တယ်၊ နှစ်ပရိစ္ဆေဒ ကြာညောင်းစွာပျက်ပြယ်ခြင်းမရှိ ခဲ့ပါဘူး”ဟူ၍ ပြောကြားခဲ့သည်ကို လေ့လာမှတ်သား ခဲ့ရဖူးသည်။    

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အင်အားတောင့်တင်းခိုင်မာလာမှု သည် နိုင်ငံကိုဦးဆောင်ဦးရွက်ပြုခဲ့သော  တရုတ် ကွန်မြူနစ်ပါတီ၏အခန်းကဏ္ဍသည် အဓိကကျ သကဲ့သို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberetion Army- PLA)သည်လည်း အခရာကျလှသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ၁၉၂၇ ခုနှစ် သြဂုတ်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ဆိုလျှင် (၉၅)နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ တရုတ်လူမျိုးတို့အတွက် ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာ သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်နေ့ပင် ဖြစ်သည်။ မြန်မာ့သမိုင်းနှင့်တပ်မတော်၏သမိုင်းသည် ထာဝစဉ်ဒွန်တွဲနေသကဲ့သို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် လည်း တရုတ်နိုင်ငံ၏ သမိုင်းတွင်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ အင်အားကြီးနိုင်ငံများ၏နိုင်ငံငယ်များအပေါ် တစ်ဖက်စောင်းနင်း ထိုးနှက် တိုက်ခိုက်မှုများမှာ သမိုင်းစဉ်တစ်လျှောက်မှသည်  ယနေ့ကာလတိုင်ရှိနေဆဲဖြစ်ရာ   တရုတ် နိုင်ငံ သည်လည်း  ဆိုးရွားလှသော သမိုင်းဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ဦးဆောင်သည့်  အနောက်နိုင်ငံများ ၏ဖိနှိပ်မှုကို အစဉ်တစိုက်ခံခဲ့ရသည့် သာဓကများရှိခဲ့၏။ နိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူဟာလက်နက်၊  ဝါဒသဘော တရားရေး စသည်ဖြင့်  ဘက်ပေါင်းစုံမှအားပြိုင် ထိုးနှက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ ရသည်။ သို့တိုင်အောင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ် တွင် ခံ့ညား ထည်ဝါစွာ မားမားမတ်မတ်ရပ်တည် နိုင်ခဲ့သည်မှာ တရုတ်နိုင်ငံရှိ ပြည်သူတို့ ၏တိုင်းပြည် တိုးတက်ရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ တို့ဖြင့်   ကြိုးပမ်းအားထုတ်မှုရှိခြင်း၊  အင်အား တောင့်တင်းသည့် ခေတ်မီတပ်မတော်တစ်ရပ် ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှား လှ၏။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကြီးကို မတည်ထောင်မီကပင်   တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကိုစတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ၁၉၃၃- ၁၉၃၅ ခုနှစ်တွင် မော်စီတုန်းဦးဆောင်သော တရုတ် ကွန်မြူနစ်ပါတီဝင်များနှင့် တပ်နီတော်စစ်သားများ ပါဝင်သည့်  အင်အား ၈၀၀၀၀ ဦးဖြင့် တရုတ်ပြည် အရှေ့တောင်ဘက်မှ  အနောက်မြောက် ဘက်သို့  ခရီးရှည်ချီတက်ပွဲကြီးကိုဆင်နွှဲခဲ့ကြသည်။ အလုပ် သမားနှင့် တောင်သူလယ်သမား တပ်နီတော် သို့မဟုတ် တရုတ်တပ်နီတော်ဟု ခေါ်တွင်ခဲ့သော ထိုအဖွဲ့ကြီး သည် ခရီးစဉ်အတွင်း တောင်တန်းကြီးပေါင်း ၁၈ ခုကို ကျော်ဖြတ်၍ မြစ်ပေါင်း ၂၄ ခုကိုဖြတ်ကူးခဲ့ကြသည်။ မြောက်မြားစွာသော သဲကန္တာရများ၊ နုန်းများ၊ နွံများ ကိုလည်း ဖြတ်ကျော်ခဲ့ ကြရသည်။ ထိုသို့ချီတက် နေစဉ်အတွင်း ချန်ကေရှိတ်၏ကူမင်တန်တပ်များ ၏ပိတ်ဆို့တိုက်ခိုက်မှု၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု များအပြင် နယ်စပ် ဒေသ ခြောက်ခုကို  ဖြတ်သန်းသွားသည့်အခါတွင်လည်း  ဒေသခံ တောင်ပေါ်သား တို့၏ချောင်းမြောင်းတိုက်ခိုက်မှု စသည့်အခက်အခဲ ပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရသည်။ စခန်းချနေထိုင် မည့် ယင်အန်းသို့ ရောက်ရှိချိန်တွင် ခရီးရှည်ချီတက်ပွဲ ၌ ပါဝင်သည့်လူ ၈၀၀၀၀ ဦးအနက် ၃၅၀၀၀ ဦးမှာ  သေဆုံး၊ ပျောက်ဆုံးမှုများဖြင့်  ပြုန်းတီးခဲ့ရပါသည်။ 

၁၉၃၇ ခုနှစ်တွင်  တရုတ်တပ်နီတော်သည် ဂျပန်တို့၏ ကျူးကျော်မှုအား ချန်ကေရှိတ်၏ကူမင်တန်ပါတီ  စိုးရနှင့်အမျိုးသားညီညွတ်ရေးကိုရယူလျက် တွန်းလှန် တိုက်ထုတ်ခဲ့ကြသည်။ ဂျပန်တို့စစ်ရှုံးပြီးနောက်  ပြည်တွင်း စစ်ကာလအတွင်း တရုတ်တပ်နီတော် အား ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟု ပြင်ဆင်သတ်မှတ်ခဲ့ သည်။ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တိုင်းပြည်အကျပ်အတည်းများဖြစ်ပေါ်ခဲ့ချိန်တွင် တရုတ်တပ် နီလူငယ်များနှင့်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့အကြား  ပြဿနာ အချို့ရှိခဲ့သော်လည်း ဝန်ကြီးချုပ် ချူအင်လိုင်း၏ ကြိုးပမ်းမှု ကြောင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းမရှိဘဲ  ပြေလည်သွားခဲ့ရပါသည်။ ထိုစဉ်က ယဉ်ကျေးမှု တော်လှန်ရေးကြောင့် ၁၉၆၇-၁၉၆၈ ခုနှစ်တွင် တရုတ်ပြည်တစ်ဝန်း၌ လမ်းပန်းအဆက်အသွယ်များ ပြတ်တောက်သွားခဲ့သည်။   အလုပ်ချိန်နာရီများလည်း လျော့နည်းသွားခဲ့ပြီး  အကျိုးဆက်အားဖြင့် စက်မှု ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကျဆင်းခဲ့၏။  ထိုအခြေ အနေမျိုးကို တရုတ်ကွန်မြူနစ်ပါတီက လမ်းညွှန်ချမှတ် ထားသည့် စီးပွားရေးစီမံကိန်း လျာထားချက်များ အတိုင်းပြည့်မီအောင် ချူအင်လိုင်းက  ထိန်းသိမ်း တည့်မတ်ပေးနိုင်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာကို တင်းပြည့် ကျပ်ပြည့်ကာကွယ် နိုင်စွမ်းအားသည် ယင်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းအားမည်မျှတောင့်တင်း ခိုင်မာသည်ဆိုသောအချက်ဖြင့်သာ တိုင်းတာနိုင်မည်ဖြစ်ပါသည်။ ကာကွယ် ရေးစွမ်းအား အဘက်ဘက်မှလျော့ပါးချိန်တွင် ကမ္ဘာ့နိုင်ငံ အချို့သည်လည်း နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ တရုတ်နိုင်ငံသည်ပင်လျှင် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၇-၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် ဂျပန်တို့၏ကျူးကျော်မှုများကိုခံခဲ့ရသည်။ ပထမအကြိမ်တွင် ထိုင်ဝမ်ကျွန်း ကို လက်လွှတ်ခဲ့ရ၏။ ဒုတိယအကြိမ်တွင် မဟာမိတ်များ၏ ပူးပေါင်းတိုက်ပွဲဝင်မှုဖြင့် ဂျပန်တို့အား အပြီးတိုင်တိုက်ထုတ်နိုင်ခဲ့ပါသည်။ တရုတ်အစိုးရ အဆက်ဆက်သည် အတိတ်တွင် ကြုံတွေ့ခဲ့ရသော  တိုင်းပြည်ကာကွယ်ရေး နှင့်ပတ်သက်သည့်အတွေ့အကြုံများကို သင်ခန်းစာယူ လျက် ခေတ်အဆက် ဆက်၌ ကာကွယ်ရေးအင်အား တောင့်တင်းရေးကို  အလေးပေး ဆောင်ရွက်ခဲ့ကြပါသည်။ သမ္မတကျန်ဇီမင်းလက်ထက်တွင် ပါတီနှင့် စစ်ဘက်ဆက်ဆံရေး၏အရေးပါမှု၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာအားထားမှု၊ နိုင်ငံတကာတိုက်ပွဲအတွေ့အကြုံ များကိုလေ့လာ၍ သင်ခန်းစာဖော်ထုတ်မှု စသည်ဖြင့် စစ်ရေးမူဝါဒပိုင်းဆိုင်ရာတွေးခေါ်မှုနယ်ပယ်တွင် ပိုမို ကျယ်ပြန့် စွာထည့်သွင်းစဉ်းစားလာမှု နမူနာပုံစံသစ်ကို မျိုးစေ့ချပေးနိုင်ခဲ့သည်။ ကျန်ဇီမင်း၏ထုတ်ပြန်ချက် ဖြစ်သည့် “အနာဂတ်တွင် ဖြစ်ပွားမည့် စစ်ပွဲများတွင် နည်းပညာမြင့်မားသောစစ်ပွဲ၊ ဘက်စုံစစ်ပွဲ၊ အီလက်ထရွန်နစ် စစ်ပွဲနှင့် ဒုံးလက်နက်စစ်ပွဲတို့ ပါဝင်ကြမည် ဖြစ်ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အနေဖြင့် လက်တွေ့ကျကျ တိုက်ပွဲဝင်အသင့် ဖြစ်စေရမည်”ဆိုသည့်  စစ်ရေးမူဝါဒသစ်၏အဓိကအနှစ် သာရဖြစ်ခဲ့သည်။

ယနေ့အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအင်အားကို တောင့်တင်းခိုင်မာလာအောင် တည်ဆောက်နိုင်ခဲ့သည်သာမက  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(People's Liberetion Army- PLA)ကိုလည်း  နည်းပညာသစ်များနှင့်  လက်နက်ဆန်းများကိုပိုင်ဆိုင်သည့် စွမ်းဆောင်ရည် မြင့်မားသော    ကမ္ဘာ့အဆင့်မီတပ်မတော်အဖြစ် တည်ဆောက်နိုင်ရန်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေတပ်ကိုပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သလို အဆင့်မြင့်ဆုံးသော ဒုံး လက်နက်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် များကို  ပိုင်ဆိုင်ထား သည့် နိုင်ငံလည်းဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ရေပြင် ပိုင်နက်ကို ကာကွယ်နိုင်ရန်၊ မဟာဗျူဟာအရအရေးကြီးသည့်  စစ်ဆင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံရဲ့တတိယမြောက် လေယာဉ်တင် သင်္ဘောကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်တွင် ရေချနိုင်ခဲ့ခြင်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏  စစ်ရေးအင်အား တောင့်တင်းခိုင်မာမှုကို  ပြသနိုင်ခဲ့ခြင်းလည်းဖြစ် သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ဆောင်ရွက် ချက်များမှာလည်း နိုင်ငံတကာအတွက် စံပြလုပ်ဆောင် မှုပင်ဖြစ်ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါစတင်ကူးစက်ချိန် မှစ၍ ဗဟိုစစ်ကော်မရှင်၏ထောက်ပံ့ပို့ဆောင်ရေး ပူးပေါင်းတပ်ဖွဲ့အား ဝူဟန်မြို့တွင် ရုံးထိုင်စေခဲ့ပါ သည်။ ဟူဘေးခရိုင်အတွင်း  ကူးစက်လူနာများ

ကုသမှုခံယူနိုင်ရေးအတွက် တပ်မတော်သားဆရာဝန် တစ်သောင်းကျော် ကိုလည်း ပို့ဆောင်ပေးခဲ့သည်။ ဆေးရုံများသို့ပစ္စည်းများထောက်ပံ့ခြင်း၊ သွားလာမှုကန့်သတ်ခြင်းများ  ပြုလုပ်ထားသည့်နေရာများရှိ ပြည်သူများ အတွက် အစားအသောက်များဖြန့်ဝေခြင်း တို့ကိုလည်း ဆောင်ရွက်ပေး ခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်   ဆေးတက္ကသိုလ်မှ အထူးကုပါရဂူများအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာပင် ဝူဟန်မြို့သို့ရောက်ရှိခဲ့ကြပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် တက်တက် ကြွကြွဆောင်ရွက်ခဲ့ကြသည်။ လက်ရှိသမ္မတရှီကျင့်ဖျင် လက်ထက်တွင် တရုတ်နိုင်ငံ၏သမိုင်းတစ်လျှောက်  မကြုံဖူးသော အဆင့်မြှင့်တင်မှုများဆောင်ရွက်လျက် ရှိနေသည်ကို တွေ့မြင်ရ၏။ ထို့အတွက်ကြောင့်ပင်  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည်  ကမ္ဘာ့ထိပ်တန်းတပ်မတော်အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ တရုတ် သမ္မတ ရှီကျင့်ဖျင်ဦးဆောင်သည့်  အဖွဲ့ဝင်ခုနစ်ဦးပါဝင်သော ဗဟိုစစ် ကော်မရှင်သည်  တရုတ်နိုင်ငံ၏စစ်ဘက်ဖွဲ့စည်းပုံတွင် အမြင့်ဆုံး အဖွဲ့ အစည်းဖြစ်ပြီး နိုင်ငံတော်လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို  ပေါင်းစည်း ကွပ်ကဲခြင်း၊ စစ်ရေးမဟာဗျူဟာဆုံးဖြတ် ချက်များချမှတ်ခြင်း၊  စစ်လက်နက်ပစ္စည်းများ တိုးတက်တီထွင် ထုတ်လုပ်မှုနှင့်  တပ်ဆင်မှုတို့ အားကြီးကြပ်ခြင်း စသည်တို့အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များအားလုံး အပေါ်တွင် ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖြစ် ဆောင်ရွက်ရသော   အဖွဲ့အစည်းဖြစ် သည်။ တရုတ်နိုင်ငံသည် အမျိုးသားကာကွယ်ရေး မူဝါဒ(National Defence Policy) ချမှတ်ရာတွင်   ခုခံကာကွယ်ရေး (Defencesive)ကို အလေးပေးသောမူဝါဒကိုသာ ဦးစားပေးချမှတ် ဖော်ဆောင်နေလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ် ခြင်း၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်းအခြေခံ၍ နိုင်ငံတော်ကာကွယ် ရေးမူဝါဒကို ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏အမျိုးသား ကာကွယ်ရေးမူဝါဒ ချမှတ်မှုအားကြည့်ပါက တရုတ်တပ်မတော်အနေဖြင့် နိုင်ငံကာကွယ် စောင့်ရှောက်ရေး အတွက် မည်မျှအထိ အလေးပေးနေကြောင်းထင်ရှား လှပါသည်။ တပ်မတော်၏အင်အားနှင့် မူဝါဒခိုင်မာ တောင့်တင်းမှသာ နိုင်ငံတည်ငြိမ်အေးချမ်းတည်တံ့ နေမည်မှာ သံသယဖြစ်ဖွယ်မရှိသည့် အချက်ပင်ဖြစ်ပါ သည်။ နိုင်ငံတကာအရေးကိစ္စများတွင် အခြားသော အင်အားကြီးနိုင်ငံအချို့နှင့်  ထိပ်တိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကြုံတွေ့ နေရဆဲဖြစ်ပြီး  အဆိုပါအရေးကိစ္စများ ကိုပြေလည် အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းတွေ့ရှိရသည်။

ကမ္ဘာ့အိုလံပစ်ပွဲတော်ကို  လက်ခံကျင်းပနိုင်ခဲ့ခြင်း အားဖြင့်လည်း   တရုတ် နိုင်ငံ၏အဆင့်မီနည်းပညာများနှင့်အခြားသောကဏ္ဍစုံတို့၏ဖွံ့ဖြိုး တိုးတက် နေမှုများကို ဖော်ထုတ်ပြသခွင့်ရရှိစေခဲ့ပါသည်။

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည် နိုင်ငံတော်လုံခြုံရေးနှင့်  ငြိမ်းချမ်း ရေးဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက် လျက် ရှိပါသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြ၏။ မြန်မာ့ အရေးနှင့်ပတ်သက် လာလျှင်လည်း ခေတ်အဆက်ဆက်  အိမ်နီးချင်း ကောင်းဟူသောဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်း ဟူသော ခံယူချက်ဖြင့်  တရုတ်နိုင်ငံသည် သမိုင်းစဉ်ဆက်သက်သေထူလျက်ရှိသည်။ တရုတ်နှင့် မြန်မာ တို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ပါအတိုင်း တစ်ဖက်နှင့်တစ်ဖက် နားလည်မှု ရှိစွာဆောင်ရွက်ခဲ့သောကြောင့် အခြားသောကမ္ဘာ့ အဖွဲ့အစည်းများကပင် အတုယူခဲ့ရသည်အထိဖြစ်ခဲ့ ရပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီး သောအိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံ အတွက် ပထဝီ နိုင်ငံရေးအရ အလေးထားရသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများဆက်ဆံရေးအဆင့်သို့  လျှောက်လှမ်းနေသည်နှင့်အမျှ အပြန် အလှန်နားလည် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်သာဖြစ်ပေသည်။  မြန်မာနှင့် တရုတ်၊ တရုတ်နှင့် မြန်မာသည် ရေမြေတောတောင် သဘာဝအလှတို့တွင်သာမက ယဉ်ကျေးမှု ချင်းတူညီမှု ရှိသကဲ့သို့ နှစ်နိုင်ငံသမိုင်းကြောင်းတွင်လည်း တူညီမှု များရှိခဲ့ သည်။ သံလွင်မြစ်၊ မဲခေါင်မြစ်တို့မှအစပြုလျက်  သဘာဝတော တောင် ရေမြေချင်း  များစွာထိစပ်နေ သည့် တရုတ်နှင့်မြန်မာတို့၏ ကောင်းမွန်သည့် သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုများသည် ဘယ်သူ ဖျက်ဖျက်  ပျက်စီးမည့် အရာများမဟုတ်ပါချေ။ ရှေးမြန်မာ ဘုရင်များလက်ထက်ကပင် တရုတ် နိုင်ငံနှင့် ရွှေလမ်းငွေလမ်းဖောက်ကာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ရာ ယနေ့ကာလတိုင် အမွေကောင်း သဖွယ်ဆက်ခံ လျက်ရှိသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ မိတ်ဝတ်မပျက် ချစ်ကြည်သွားလာလျက် မိသားစုသဖွယ်ဆက်ဆံရေး ရှိရုံမျှမက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၏ ၉၅ နှစ်တာခရီး တစ်လျှောက်တွင်လည်း မြန်မာ့ တပ်မတော်နှင့် အားကောင်းသော ရင်းနှီးချစ်ကြည်မှု ရှိခဲ့သည်။ ယင်းမှာ နှစ်နိုင်ငံအကြား၊  နှစ်နိုင်ငံ  တပ်မတော် နှစ်ရပ်အကြား   ချစ်ကြည်ရင်းနှီးမှု၏ထူးခြားသည့် ဝိသေသတစ်ခု ပင်ဖြစ် သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကြီး သည် ၉၅ နှစ်တာ ခရီးကာ လအတွင်း  လှိုင်းကြီး လှေအောက်၊ တောင်ကြီးဖဝါးအောက်ဆိုသောထုံးဖြင့်ကြုံတွေ့ခဲ့ရသောအခက်အခဲမှန်သမျှကိုရင်ဆိုင်အန်တုလျက် နိုင်ငံတော်ကြီး ကိုကာကွယ်စောင့်ရှောက် ခဲ့ပေသည်။ အင်အား တောင့်တင်း မှုအရသာမက မျိုးချစ် စစ်သည်တော်ကောင်းများဖြင့် ဖွဲ့စည်းတည်ဆောက် ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သည်    နိုင်ငံ့ခေါင်းဆောင်များ အဆက်ဆက်က ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲတည်ဆောက်ခဲ့သော  ကာကွယ်ရေးဆိုင်ရာမူဝါဒများအောက်တွင် စနစ်တကျလိုက်ပါ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုကြောင့်ကမ္ဘာတွင်စွမ်းရည်မြင့်မားသည့် တပ် မတော်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါသည်။တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်အနေဖြင့် စစ်ရေးအင်အား  တောင့်တင်းမှု၊  တည်ငြိမ်မှု၊  လုံခြုံမှုနှင့်ရန်လို မှုကင်းသော နိုင်ငံချစ်စိတ်တို့ဖြင့်  အမိတိုင်းပြည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို   ကာကွယ် စောင့်ရှောက်ပြီး ကမ္ဘာကြီး၏ကောင်းကျိုးအဖြာဖြာ ကိုလည်း တစ်ဖက်တစ်လမ်းက  ဆောင်ရွက်သွားနိုင် ပါစေကြောင်းဆန္ဒပြုရင်း  ဂုဏ်ယူဝံ့ကြွားဖွယ်ရာ အပြည့်ဖြင့် ၉၅ နှစ်တိုင်ခဲ့ပြီဖြစ်သည့်  အိမ်နီးချင်းတပ်မတော်အား ဂုဏ်ပြုရေးသားလိုက်ရပါတော့သည်။