Lethwei World Title ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအတွက် စိတ်လှုပ်ရှားနေကြောင်း ဒေ့ဗ်ပြော

ရန်ကုန်၊ လက်ဝှေ့

အမေရိကန်နိုင်ငံ၌ Lethwei World Title အမည်ဖြင့် ကျင်းပမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စိတ်လှုပ်ရှားနေကြောင်း ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC) ခရူဆာဝိတ်တန်းချန်ပီယံ ဒေ့ဗ်က ပြောသည်။

“ဆိုင်းရပ်စ်နဲ့ ယှဉ်ပြိုင်မယ့်မကျေပွဲက ကျွန်တော့်ဘဝတစ်လျှောက်အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။  ၂၀၁၇  ခုနှစ်က တွေ့ဆုံစဉ်မှာ ဆိုင်းရပ်စ်က ပွဲပေါင်း ၁၀၀ လောက် ယှဉ်ပြိုင်ဖူးတဲ့ ဝါရင့်ဖိုက်တာ တစ်ဦးဖြစ်ပြီး ကျွန်တော်က ပွဲပေါင်း၂၀ ကျော်သာယှဉ်ပြိုင်ဖူးသေးတဲ့ တက်သစ်စဖိုက်တာ တစ်ဦးပါ။ ဒါပေမဲ့ အဲဒီပွဲမှာ ဆိုင်းရပ်စ်ကို အထိနာအောင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုလို မကျေပွဲယှဉ်ပြိုင်တဲ့ပွဲမှာ ဆိုင်းရပ်စ်ကို အနိုင်ရဖို့ အကောင်းဆုံးကြိုးစားမှာပါ။ ဒီပွဲအတွက် စိတ် လှုပ်ရှားနေပါတယ်” ဟု ဒေ့ဗ်က  လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်ပြောသည်။

Sparta Sports and Entertainment က ကြီးမှူးပြီး နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် အဆိုပါ ပြိုင်ပွဲ၌ ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့် အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်တို့က   ရိုးရာလက်ဝှေ့ စည်းမျဉ်း အတိုင်း ပါဝင်ယှဉ်ပြိုင်ရန် အောက်တိုဘာ ၆ ရက် က တရားဝင်စာချုပ် ချုပ်ဆိုထားပြီးဖြစ်သည်။

ဒေ့ဗ်နှင့် ဆိုင်းရပ်စ်တို့သည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၌ကျင်းပသည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင်  ယှဉ်ပြိုင်ဖူးပြီး ငါးချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း အရှုံး၊ အနိုင်အဖြေမပေါ်ဘဲ ပူးတွဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ကနေဒါနိုင်ငံသား ဒေ့ဗ်သည် WLC ခရူဆာဝိတ်တန်းချန်ပီယံတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲပေါင်း ၁၁ ပွဲယှဉ်ပြိုင် ရာတွင် ငါးပွဲနိုင်၊ ခြောက်ပွဲသရေကျထားကြောင်း သိရသည်။                

ကိုရဲ