နိုင်ငံ့စီးပွား တိုးတက်မြင့်မားရေး
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားမည်ဟူသော လုပ်ငန်းစဉ်တစ်ခု ရှိပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်ချိန်ကာလများ အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းသည့် အနေအထားတွင်ရှိသည်။ ယခင်အစိုးရ လက်ထက်တွင် ပြည်တွင်းထုတ်ကုန် များ အားပေးမှုမရှိဘဲ သွင်းကုန်ကိုသာ ဦးစားပေးခဲ့သည့်အတွက် နိုင်ငံ၏ စီးပွားရေးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမတိုင်မီ ၂၀၁၈ ခုနှစ်ကတည်းကပင် စီးပွားရေး ကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။
မိသားစုတစ်စုဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ ဝင်ငွေကများပြီး ထွက်ငွေကနည်းပါးမှသာ အဆင်ပြေပြေ ရှိပေမည်။ နိုင်ငံတစ်ခုအနေဖြင့်မူ မိမိတို့နိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို တိုးပွားအောင် လုပ်ဆောင်ပြီး ပြည်ပသို့များများ တင်ပို့နိုင်ရမည်ဖြစ်သည်။ ပို့ကုန်များများ တင်ပို့ပြီး ပြည်ပမှ ဝယ်ယူရမည့် ကုန်ပစ္စည်းကိုနည်းနိုင်သမျှ နည်းပါးစွာ ဝယ်ယူရမည်ဖြစ်သည်။ သို့မှသာ စီးပွားရေး ကောင်းမွန်မည့် အခွင့်အလမ်းဖြစ်လာမည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများအား စားသုံးဆီ၊ စက်သုံးဆီ အစရှိသည်ဖြင့် ပြည်ပမှ မှာယူသုံးစွဲမှုများ လျှော့ချသုံးစွဲရန် အသိပေးနေသည်မှာလည်း နိုင်ငံ့စီးပွားရေး ကောင်းမွန်စေရန်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ သုညဒသမအောက်သို့ ကျဆင်းနေပြီဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းများကိုပြန်လည်အရှိန်မြှင့် လုပ်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေးများကို မြှင့်တင်နေသလို ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း မြှင့်တင်လုပ်ဆောင်ကြရမည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် လက်ရှိအခြေအနေတွင် ကိုဗစ်ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကို ကုစားနိုင်ရန် ငွေကြေး အရင်းအနှီးများစွာ မတည်၍ ဆောင်ရွက်နေပါသည်။
ပထမဦးစားပေး အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်၍ ဒုတိယဦးစားပေး အနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ အခြားသော စီးပွားရေး လုပ်ငန်းများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နေပါသည်။ အထူးသဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ကိုလည်း အားပေး ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်ငန်းသည် အများနှင့် သက်ဆိုင်သည့် လုပ်ငန်းဖြစ်ပေရာ ပြည်သူအများစုအတွက် အကျိုးရှိမည့် လုပ်ငန်းဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများက တက်ညီလက်ညီ လုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့ စီးပွားရေး တည်ငြိမ်မှုကို အနှောင့်အယှက်ပြုနေသည့် တရားမဝင် ကုန်သွယ်မှုပပျောက်ရေးကိုလည်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုတားဆီး/ဖမ်းဆီးနိုင်ရေး အတွက် တားဆီး/ ဖမ်းဆီး ဆုငွေနှင့်သတင်းပေး ဆုငွေချီးမြှင့်နိုင်ရေး အသိပေး ထုတ်ပြန်ခြင်းကို တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီက ဇူလိုင်၂၉ ရက်သတင်းစာများတွင် ဖော်ပြထားသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိလျက် ရှိသည်မှာ နိုင်ငံတော်အတွက် ဝမ်းသာဖွယ် သတင်းများဖြစ်သည်။
နိုင်ငံ့စီးပွားရေး ကောင်းမွန်ရေးတွင် ပို့ကုန်သွင်းကုန် ကဏ္ဍသည်လည်း အရေးပါလှသည်။”နယ်စပ် စခန်းများမှ တင်ပို့မှုတွင် အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် ၈ ဘီလီယံကျော်ခန့် ရှိပြီး အစိုးရမှတင်ပို့မှုက ပုဂ္ဂလိက တင်ပို့မှုထက် များနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် SME လုပ်ငန်းများကို အားပေးရန်အတွက် လိုအပ် နေသေးသည်ကို တွေ့ရှိရကြောင်း၊ ပို့ကုန်တစ်ခုတည်းဖြင့် Non Trade များဖြင့်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် နိုင်ငံခြားငွေ သုံးစွဲမှုများ ရှိသကဲ့သို့ ပြည်သူတစ်ဦးချင်း အနေဖြင့်လည်း နိုင်ငံခြားငွေ သုံးစွဲမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေ ရရှိရေးအတွက် ကုန်သွယ်မှုတစ်ခုတည်းတွင် မှီခိုနေ၍ မရကြောင်း၊ မိမိတို့နိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံခြားငွေများ ရရှိရေး ဝန်ကြီးဌာနများ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရ အဖွဲ့အစည်း အဝေးအမှတ်စဉ်(၅/၂၀၂၂)တွင်ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် “ရှေ့သို့ချီ ” Moving Forwardဆိုသည့်အတိုင်း နိုင်ငံတိုးတက်အောင် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အတတ်နိုင်ဆုံး ကုစားနိုင်ရန်အတွက် တောင်သူလယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များကိုစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် ၂၃၃၅ ဒသမ ၄၉ ဘီလီယံအား အရင်းအနှီး ပံ့ပိုးထုတ်ပေးထားပါသည်။ ထို့ပြင် လာမည့် စိုက်ပျိုးရာသီတွင် နွေစပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို Contract Farming စနစ်ဖြင့် တစ်နိုင်ငံလုံးမှာ စိုက်ပျိုးနိုင်ရေးအတွက် ၄၀၀ ဘီလီယံကျော်မြှုပ်နှံ စီမံဆောင်ရွက်ပေးထားပါသည်။ အနှစ်ချုပ် ဆိုရသော် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတစ်ရပ်လုံးက ကျရာနေရာ မှကျေပွန်အောင်မြင်အောင် လုပ်ဆောင်ကြရန် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။