အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်တွင် မြန်မာအသင်းက သြစတြေးလျအသင်းကို အနိုင်ရရှိ
နေပြည်တော် သြဂုတ် ၂
အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ)၏အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက သြစတြေးလျ အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ပွဲဦးထွက် အနိုင်ရရှိသည်။
မြန်မာ ယူ-၁၆ အသင်းအနေဖြင့် ပွဲစသည်နှင့် သြစတြေးလျ အသင်းကို အချိတ် အဆက်မိမိဖြင့် ကစားသွားခဲ့ပြီး ပွဲချိန်ပထမပိုင်း သုံးမိနစ်တွင် မြန်မာယူ-၁၆ အသင်း အတွက် ဦးဆောင်ဂိုးကို စတင်ရရှိခဲ့ပြီး ပြစ်ဒဏ်ဘောမှ တစ်ဆင့် စောမျိုးဇော်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၂၃ မိနစ်တွင် တိုက်စစ်မှူး ရှိုင်းဝဏ္ဏက သြစတြေးလျ နောက်ခံလူနှင့် ယှဉ်ပြေးပြီး ကန်သွင်းယူခဲ့ရာ မြန်မာယူ-၁၆ အသင်းက ဒုတိယဦးဆောင် ဂိုးရရှိခဲ့သည်။
ပွဲချိန် ၃၉ မိနစ်နှင့် ၄၄ မိနစ်တို့တွင် သြစတြေးလျ အသင်းက ချေပဂိုးများ ပြန်လည် သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီး၌ နှစ်ဂိုးစီ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ပြည့်စုံအောင်၊ အောင်ဇော်မျိုး၊ အောင် ကောင်းခန့်၊ နေလင်းထွန်း၊ နေမင်းထက်တို့ကို ထည့်သွင်းကစားခဲ့ပြီး ပွဲချိန် ၇၂ မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ပြည့်စုံအောင်က သြစတြေးလျနောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့တွင် အပိုင်ကန်သွင်းယူခဲ့သည်။ မြန်မာ ယူ-၁၆ အသင်း က ၃ ဂိုး၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
သြစတြေးလျအသင်းက ချေပဂိုးပြန်လည်ရရှိရန် တိုက်စစ်မြှင့်တင်ခဲ့ပြီး အခွင့် အရေးများ ရခဲ့သော်လည်း မြန်မာနောက် တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် မြန်မာ ယူ-၁၆ အသင်း က ၃ ဂိုး၂ ဂိုးဖြင့် အနိုင်ရရှိသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် သြဂုတ် ၅ ရက် ည ၆ နာရီခွဲတွင် မလေးရှား၊ သြဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကမ္ဘောဒီးယားတို့နှင့် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။