မိသားစုတစ်နိုင်တစ်ပိုင် ကျွဲကောပင် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝရာသီဥတုနှင့် ရေခံမြေခံ ကောင်းမွန်မှုကြောင့် ကျွဲကောပင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါကျွဲကောပင် ဒေသအခေါ်ဓာတ်ကျွဲကောပင်ကို ကိုင်းဆက်ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၅၀၀၀ ခန့်ဖြင့် စိုက်ပျိုးသူများက သီးနှံပင်ပျိုးထောင် ရောင်းချသူများထံမှ ဝယ်ယူ၍ ပြန်လည်စိုက်ပျိုးခြင်း ဖြစ်ပြီး မြေသြဇာများ ထည့်သွင်းခြင်းနှင့် နွေရာသီတွင် ရေသွင်း၍ စနစ်တကျပြုစု ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် သုံးနှစ်ခန့်အကြာတွင် အပွင့်၊ အသီး စတင်ထွက်ရှိကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးသက်တမ်း ခြောက်နှစ်ခန့် အကြာတွင် အသီးအပွင့်များ လှိုင်လှိုင်သီး၍ အသီးရင့်မှည့်ချိန်တွင် ဆွတ်ခူးရောင်းချရကြောင်း၊ ဒေသတွင်း၌ ကျွဲကောသီးတစ်လုံးလျှင် အရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ အထိ ဈေးနှုန်းရရှိပြီး စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။