ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်

ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်

    ၂၀၂၂  ခုနှစ်  ဇန်နဝါရီမှ  ဇွန်လကုန်အတွင်း တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေးဖြစ်သူ ၅၀၀၀ ကျော်၊ သေဆုံးသူ ရှစ်ဦး၊ မွန်ပြည်နယ်မှာ အများဆုံးရှိလာရာ ဇူလိုင်လဆန်းကစလို့ လာမယ့် ရက်သတ္တပတ်အတွင်း ရောဂါဖြစ်နှုန်းမြင့်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားတယ်။ သွေးလွန်တုပ်ကွေးဖြစ်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးက နှစ်စဉ်လိုလို မြင့်မားပါတယ်။  သွေးလွန်တုပ်ကွေး တစ်နှစ်ခြား သို့မဟုတ် နှစ်နှစ်ခြားတစ်ကြိမ် ကပ်အသွင်ဖြစ်ပွားလေ့ရှိတယ်။

သွေးလွန်တုပ်ကွေးက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် ၁၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များတယ်။ ယခုနှစ်မှာ အသက် ၁၅ နှစ်အထက် လူငယ်များ အသက် ၄၀-၈၀ ကြား၊ လူကြီးတွေမှာပါ ဖြစ်မှုများလာပြီး    လူကြီးတွေမှာ ဖြစ်ပွားရင် နောက်ဆက်တွဲ ဆိုးကျိုး ပိုမိုများပြားကြောင်းနဲ့ ယခင်မြို့ပြဆန်တဲ့နေရာတွေမှာ အဓိကဖြစ်ပွားပေမယ့် ကျေးလက်ဒေသတွေမှာပါ ပျံ့နှံ့ဖြစ်ပွားလာကြောင်း သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ပုန်း ခေါ် ခြင်ကျားကိုက်ခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်။ခြင်ပုန်းခေါ် ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်ပြီး နေ့အခါကိုက်လေ့ရှိလို့ ကလေးငယ်တွေ နေ့ညအိပ်တဲ့အခါတိုင်း  ခြင်ထောင်ထောင်ပြီး အိပ်သင့်တယ်။

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များ ထွက်ခြင်းတို့ဖြစ်တတ်ပြီး နှစ်ရက်မှလေးရက်အတွင်း အဖျားကြီးပြီး အလွန်အမင်း ဆက်တိုက်အန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျား အေးစက်နေခြင်း စတဲ့လက္ခဏာတွေ ဖြစ်လာရင် မိသားစုဆရာဝန်၊ ဆေးရုံဆရာဝန်၊ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ကုသ ခံယူသင့်ပါတယ်။

သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး၊ ကုသဆေးမပေါ်သေးဘဲ ရောဂါလက္ခဏာ သက်သာစေဖို့သာ ကုသပေးနိုင်တယ်။သွေးလွန်တုပ်ကွေးဖြစ်သူကို ဂရုစိုက်ပြီးရေများများ တိုက်ဖို့လိုပါတယ်။ ဓာတ်ဆားရည်က ပိုမိုသင့်တော်ပါတယ်။ နို့၊ ဟောလစ်၊ စွပ်ပြုတ်ရည်တိုက်နိုင်ပါတယ်။ ကော်ဖီစတဲ့ အညိုရောင်အရည် မတိုက်သင့်ပါဘူး။ အေပီစီ၊ အင်နယ်ဂျက်ဆင်၊ ဘတ်စပရိုစတဲ့ အကိုက်အခဲပျောက်ဆေး ကိုယ်ပူကျဆေးတွေ မတိုက်သင့်ဘဲ အဖျားကြီးရင် ရေဖတ်တိုက်ခြင်း၊ အဲယားကွန်းခန်းမှာ နေစေခြင်း၊ စအိုမှ ပါရာစီတမော့တောင့် ထည့်ပေးနိုင်တယ်။ အဖျားကြီးလွန်းရင် ရေချိုးပေးကာ တဘက်အပွကြီးနဲ့ သုတ်သင်ပေးပြီး အင်္ကျီ၊ ဘောင်းဘီဝတ်ပေးသင့်တယ်။ အဝတ်ထူထူ၊ စောင်ထူထူ အုပ်မပေးသင့်ဘူး။

ကလေးငယ်မှာ အဖျားကြီးလွန်းရင်၊ မှိန်းလွန်းရင်၊ အစားအသောက်အရည်၊ ဓာတ်ဆားရည်မဝင်ရင် မိသားစုဆရာဝန်နဲ့ ပြသင့်တယ်။ အစားအသောက် သို့မဟုတ် အရည်လုံးဝ လက်မခံဘဲ ဆက်တိုက်အန်နေရင်၊ ကော်ဖီအရောင် သို့မဟုတ် အမည်းရောင်ပါနေရင် ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။

အဖျားကျပြီးလက်မောင်းနဲ့ ခြေသလုံး အလွန်အမင်း အေးစက်နေရင် ဆေးရုံအမြန်တက်ရမယ်။ ကလေးငယ် ရေဓာတ်၊ သတ္တုဓာတ်လျော့ကျနေပြီး ရှော့ဖြစ်စေ နိုင်တယ်။ကျောင်းနေအရွယ်ဖြစ်ရင်၊ အတန်းဖော်တွေ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံဆေးခန်း တက်ရောက်ကုသခြင်းမျိုး ရှိနေရင်   မပေါ့သင့်ဘူး။ဆရာဝန်နဲ့ပြရမယ်။

ဆေးရုံဆေးခန်းရောက်ရင် ပထမအဆင့်ကုသမှုမှာ အရည်များများ တိုက်ရမယ်။ ဓာတ်ဆားရည်၊ အညို ရောင်မပါတဲ့ ဓာတ်ဆားရည်၊ ဖျော်ရည်၊ နို့၊ ဟောလစ်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ထမင်းရည်များများ တိုက်သင့်ပါတယ်။ အန်ရင်နားနားပြီး တိုက်သင့်ပါတယ်။ အဖျားကြီးရင် ရေဖတ်ဝတ်တိုက်သင့်၊ ရေချိုးတာလုပ်သင့်တယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့မှာ ရေအေးဝတ်ရေခဲဖတ် တင်သင့်တယ်။ ပါရာစီတမော့ဆေးပြား၊ ပါရာစီတမော့ ဆေးရည်တိုက်နိုင်တယ်။ ပါရာစီတမော့ ဆေးတောင့် စအိုမှ ထည့်ပေးရမယ်။

ဒုတိယအဆင့်မှာ မှိန်းလွန်းရင် အဖျားအရမ်းကြီးပြီး တက်ရင်၊ အစားအသောက် အရည်မဝင်ရင် ဆေးရုံ ဆရာဝန်ပြသကာ အရည်မဝင်ဘဲ ဆက်တိုက်အန်ရင်၊ ကော်ဖီနှစ်ရောင် ဝမ်းမည်းမည်းသွားရင်၊ ကတ္တရာရောင် ပျစ်ပျစ်သွားရင် ဆေးရုံတက်ဖို့လိုမယ်။ တတိယအဆင့်မှာ ရုတ်တရက် အဖျားကျပြီး ခြေသလုံး၊ လက်မောင်းအေးစက်နေရင် ကယောင်ကတမ်းဖြစ်ရင်၊ မှိန်းလွန်းရင် ဆေးရုံအမြန်တက်ဖို့လိုမယ်။ အညိုရောင်၊ ချောကလက်ရောင်အစာနဲ့ အရည်မတိုက်သင့်ပါ။  ကော်ဖီရောင်နဲ့ ခွဲရခက်လို့ ရှောင်သင့်တယ်။  အကိုက်အခဲ ပျောက်ဆေး မတိုက်သင့်ပါ။ “မက်ကလောင်” မဖောက်သင့်ပါ။ လက်မောင်းမှာ သွေးပေါင်ချိန်ပြီး အလယ်မှတ်မှာ ၅ မိနစ်ခန့်ချည်ကာ အနီကွက်ပေါ်၊ မပေါ် စောင့်ကြည့်ရမယ်၊ ခါးတိုင်းတာ ထားရမယ်။

ကြိုတင်ကာကွယ်ခြင်းမှာ နေ့၊ ည ခြင်မကိုက်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်။ ရေသိုလှောင်တဲ့ ရေကြည်အိုးတွေ၊ ရေလှောင်ကန်တွေ လုံခြုံအောင် ဖုံးအုပ်ထားရမယ်။ ဘုရားစင်၊ ပန်းအိုးနဲ့ အလှပန်းအိုး၊ ကြောင်အိမ်အောက်ရေခွက်တွေ နေ့စဉ်ရေလဲလှယ် ပေးသင့်တယ်။ မိုးရေတင်နိုင်တဲ့ ဘူးခွံ၊ ပုံးခွံ၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ ပလတ်စတစ်အိတ်၊ အုန်းမှုတ်ခွက် တို့ကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ပြုလုပ် ရှင်းလင်းသင့်တယ်။  အိမ်တွင်း၊  အိမ်ပြင်သန့်ရှင်းထားရမယ်။ လေဝင်လေထွက် လေကောင်းလေသန့် ရဖို့နဲ့ အလင်းရောင်ရယူဖို့ ပြတင်းပေါက် ဖွင့်ထားရမယ်။ ကလေးငယ်များ အိပ်တဲ့အခါ နေ့ညမရွေး ဆေးစိမ်ခြင်ထောင် သို့မဟုတ် ခြင်ထောင်နဲ့အိပ်သင့်တယ်။  ကလေးငယ်တွေ ခြင်မကိုက်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်စေပြီး ခြင်ဆေးခွေထွန်းခြင်း၊ ခြင်ဆေးလိမ်းခြင်း လုပ်နိုင်တယ်။

ကျန်းမာရေးဝန်ကြီးဌာနက  ဆောင်ရွက်နေတဲ့ ကျန်းမာရေး အသိပညာပေးခြင်း၊ ခြင်လောက်လမ်း နှိမ်နင်းခြင်း လိုအပ်ပါက ခြင်ဆေးမှုတ်ခြင်း၊ ပိုးလောက်လမ်းသေတဲ့ အဘိတ်ဆေးခတ်ခြင်း၊ ရေဖုံးသွန်လဲစစ် ပေးခြင်း၊ ခြင်လောက်လမ်းစာ ငါး၊ ဒေါင်းငါးမွေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းတို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့နဲ့ နေအိမ်သာမက စာသင်ကျောင်းတွေမှာပါ ခြင်နှိမ်နင်းရေး လုပ်ငန်း၊ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေး အစီအစဉ်တွေ ပညာပေးခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး၊ ကုသဆေးမရှိသေးဘဲ ဆေးရုံတက်ရင် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တို့ ဖြည့်ဆည်းကုသခြင်း၊ ဥပမာ-ဓာတ်ဆားရည် တိုက်ခြင်း၊ ဒရစ်ချိတ်ခြင်း၊ သွေး သို့မဟုတ် သွေးရည်ကြည်ချိတ်ခြင်းတို့ လုပ်ဆောင်ကာ ဒုတိယကူးစက် ရောဂါမဝင်နိုင်စေဖို့  ပဋိဇီဝဆေး တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းတို့ ဆောင်ရွက်နိုင်တယ်။   ။

ဒေါက်တာလွင်သန့်