မျိုးဆက်သစ်လူငယ်များ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ဖို့ စွမ်းဆောင်ကြိုးပမ်းကြပါစို့
မြန်မာနိုင်ငံသည် သုဝဏ္ဏဘုမ္မိခေတ်၊ သရေခေတ္တရာခေတ်ကာလများ၌ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စတင်ထွန်းကားခဲ့ပြီး ပုဂံခေတ်၊ အနော်ရထာမင်းကြီး လက်ထက်တွင်မူ ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ထွန်းလင်းတောက်ပခဲ့သည်။ ယနေ့တိုင်ဖြစ်ပါသည်။ ဤသို့ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ကျောရိုးမဏ္ဍိုင်အဖြစ် လေးစားခဲ့ကြသဖြင့် မြန်မာ့ပုံရိပ်သည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ချမ်းမြေ့စွာ တည်ဆောက်နိုင်ခဲ့ကြသည်။ ဤသို့ တည်ဆောက်နိုင်ခဲ့ကြသဖြင့်လည်း ဗုဒ္ဓစာပေမှရရှိသော အသိအမြင်များကို အသုံးချနိုင်ခဲ့ကြသည်။
ယင်းဗုဒ္ဓစာပေ၏ အဆုံးအမကျေးဇူးကား ဆပ်၍ ကုန်နိုင်ဖွယ်မရှိချေ။ သို့ဖြစ်ရာ ဗုဒ္ဓစာပေယဉ်ကျေးမှု အမွေကို ဘုန်းတော်ကြီးကျောင်းများက ရှေးဦးစွာ စတင်ဖြန့်ဝေပေးခဲ့သဖြင့် မြန်မာတို့၏ ဘဝအခြေအနေ ခိုင်မာမြင့်မားခဲ့သည်။ တိုးတက်မှုရရှိခဲ့သည်။
ယနေ့ခေတ်အခါတွင်မူ အခြေအနေအရပ်ရပ်တို့မှာ တိုးတက်ပြောင်းလဲလာခဲ့ကြသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပြင် အခြေခံပညာကျောင်းများကိုလည်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် ထူထောင်ကြမည်ဆိုပါလျှင် အဓိကအားဖြင့် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ဖို့လိုသည်။ စာရိတ္တမဏ္ဍိုင် အားနည်းလျှင် မျိုးချစ်စိတ် ကင်းမဲ့လာမည်ဖြစ်သည်။ မျိုးချစ်စိတ် ကင်းမဲ့လာလျှင် နိုင်ငံချစ်စိတ် ဆိတ်သုဉ်းပျောက်ကွယ်လာမည်ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တက်တက်ကြွကြွဆောင်ရွက်ချင်သည့် စိတ်ဓာတ်မရှိတော့သဖြင့် နိုင်ငံတော်မှာ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်တော့ပါ။ ဤသို့ဆိုလျှင် နိုင်ငံတော်သည် စိုပြည်သာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှု ကင်းဝေးမည်မှာ မုချဖြစ်သည်။
သို့ပါသောကြောင့် အနာဂတ် မျိုးဆက်သစ်တို့တွင် အမျိုးဘာသာ၊ သာသနာယဉ်ကျေးမှုနှင့် စိတ်ဓာတ်တို့အား ပြန်လည်ပြည့်ဖြိုးလာစေရေး၏ အဓိကရည်မှန်းချက်မှာ မျိုးဆက်သစ် လူငယ်ထုအတွင်း စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ဖို့ အထူးလိုအပ်ခြင်းဖြစ်သည်။
စာရိတ္တဟူသော စကားရပ်မှာ ကိုယ်ကျင့်တရားဖြစ်သည်။ လူတစ်ဦးစီ၏ အသက်သွေးကြောလည်း ဖြစ်သည်။ အရေးပါအရာရောက်သည်။ စာရိတ္တကောင်းသူသည် လူကောင်းဖြစ်သည်။
နိုင်ငံတော်အတွက် အားထားရသူဖြစ်သည်။ စာရိတ္တကောင်းသူသည် မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအတွင်း မျက်နှာပန်းလှသည်။ ဂုဏ်သတင်း ကျော်စောသည်။ လူပုံအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုဆက်ဆံ နေထိုင်သူဖြစ်သည်။ စာရိတ္တ ပျက်ယွင်းနေသူကား မျက်နှာပန်းလည်း မလှ၊ ဂုဏ်သတင်းလည်း မကျော်စော။ လူပုံအလယ်တွင် ပြစ်တင်ရှုတ်ချခြင်း ခံနေရမည့်အပြင် လူဆိုး၊ လူသွမ်းဖြစ်၍ နိုင်ငံတော်ကို အန္တရာယ်ပြုနိုင်သူဖြစ်သည်။ သို့ဖြစ်ရာ မျိုးဆက်သစ်လူငယ်များ အနေဖြင့် စာရိတ္တကောင်းမွန်အောင် မိမိကိုယ်မိမိ ကျင့်ကြံနေထိုင်ပြုမူဆောင်ရွက်ကြရမည်ဖြစ်သည်။
အများက စာရိတ္တကောင်းသူအဖြစ် အသိအမှတ်ပြုနိုင်သော ဂုဏ်သတင်း ကျော်စောမှုရှိရမည်ဖြစ်သည်။
သို့ဖြစ်ပေရာ နိုင်ငံတော်က အားထားရမည့် လူငယ်များ ပေါ်ထွန်းစေရေးအတွက် ဗလငါးတန်နှင့် ညီညွတ်သူများဖြစ်အောင် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ ဗလငါးတန်ဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလနှင့် ဘောဂဗလဟူ၍ဖြစ်သည်။ ဤအထဲတွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံး အရေးကြီးဆုံးဖြစ်သည်။ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပါမှ ကျန်သောဗလစွမ်းအားတို့သည် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ အကျိုးပြုနိုင်ကြမည်ဖြစ်သည်။ အထူးပြုဆိုရလျှင် အရေးကြီးသော စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေပါလျှင် ကျန်ဗလလေးတန်တို့မှ ခွန်အားတို့သည် ကောင်းကျိုးမပြုတော့ဘဲ အဖျက်လုပ်ငန်းများကိုသာ ဦးတည်သွားနေမည်သာဖြစ်သည်။
ယနေ့လူငယ်များသည် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာကြမည်မှာ ဧကန်မလွဲဖြစ်သည်။ သို့အတွက် ယနေ့လူငယ်များ၌ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ဖို့ အထူးလိုအပ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်က အားထားရသောနိုင်ငံသားကောင်း၊ သမီးကောင်း ပေါ်ထွန်းရေးအတွက် ကျောင်းသား၊ ကျောင်းသူကလေးများ အရွယ်မှစတင်ကာ ကျောင်းသင်ပညာရပ်များကို ဆည်းပူးလေ့လာရင်း စာရိတ္တကောင်းမွန်သူများ ဖြစ်ရလေအောင် ငယ်စဉ်ဘဝမှစ၍ လေ့ကျင့်ပျိုးထောင် ကျင့်ကြံနေထိုင်သွားကြရမည် ဖြစ်သည်။ ယခုအခါ ယနေ့လူငယ်များမှာ စာရိတ္တ၏ တန်ဖိုးကို သိမြင်လာကြပြီး စာရိတ္တကို ချစ်မြတ်နိုးသူ၊ စာရိတ္တကောင်းသည့်ဂုဏ်ဖြင့် ပြည့်စုံသူများ ဖြစ်ရလေအောင် ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်သည်။
စာရေးသူတို့မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအပေါ် အခြေခံ၍ မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသည်ကား မေတ္တာတရား၊ ကိုယ်ကျင့်တရားတို့ကို အခြေခံအလေးထား၍ သူတစ်ပါးတို့အား မထိခိုက်မနစ်နာစေဘဲ၊ အပြစ်ကင်းစင်အောင် ပြောဆိုကြံစည် ဆုံးမပေးသော ယဉ်ကျေးသိမ်မွေ့သည့် ဘာသာမျိုးဖြစ်သည်။
ထို့ပြင်ဗုဒ္ဓဘာသာသည် ပဉ္စသီလ(ခ)ငါးပါးသီလဖြင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို အပြစ်ဆိုဖွယ်မရှိရအောင် ထိန်းသိမ်းနေထိုင်ခြင်းဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးသော ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာလျက်ရှိသည်။ ထိုမြန်မာ့ယဉ်ကျေးမှုနယ်ပယ်၌ နှစ်သက်ဖွယ်ကောင်းသော အနှစ်သာရများလည်းရှိသည်။ ဂုဏ်ဒြပ်များလည်းရှိသည်။ ယင်းတို့ကား မေတ္တာတရားကို ရှေ့ထား၍ ရိုသေလေးစားစွာ ခေါ်ဝေါ်ပြောဆိုမှု၊ လူကြီးများအား ဂါရဝတရားရှေ့ထား၍ မာန်မာနနှိမ့်ချပြောဆိုမှု၊ ကိုယ်ချင်းစာနာထောက်ထားကူညီ စောင်မပေးခြင်းတို့ ပါဝင်ကြသည်။
ယနေ့လူငယ်များသည် အနှစ်သာရ ပြည့်ဝသော မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးယုယ တန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသား ယဉ်ကျေးမှု၏ ဇာစ်မြစ်များစီးဆင်းရာ ဗုဒ္ဓဘာသာအကြောင်းကို ယနေ့လူငယ်များ စနစ်တကျ လေ့လာသင်ယူကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာသည် မြန်မာ့ယဉ်ကျေးမှု၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု ပြန်လည်ခိုင်မာလာစေလိုလျှင် ကျောရိုးမဏ္ဍိုင်ကို ခိုင်မာတောင့်တင်း ရပ်တည်မှုရှိရန် ဆောင်ရွက်ကြရေး အထူးလိုအပ်သည်။ ထို့ကြောင့်လည်း ယနေ့လူငယ်များမှာ မြန်မာ့ယဉ်ကျေးမှု၏ အနှစ်သာရများဖြစ်သော ဗုဒ္ဓဘာသာ သဘောတရားများကို မသိနားမလည်ကြသည့်အခါ ခေတ်ရေစီးကြောင်းအရ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံရာမှ ရေခြား၊ မြေခြား၊ ဘာသာခြားတို့၏ ဝတ်စားဆင်ယင်မှု၊ သီဆိုကခုန်မှုနှင့် ဟီရိသြတ္တပ္ပကင်းသော အမူအကျင့်တို့သည် မသိမသာ မျိုးဆက်သစ် လူငယ်များဆီသို့ ကူးစက်ရောက်ရှိလာသည်ကို အထင်ကြီးအားကျ အတုခိုးကြသည်။ သရုပ်ပျက် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုများကို ခေတ်မီသည်ဟု အထင်ကြီးကာ အတုခိုးကြပြန်သည်။ ဤတွင်မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကာ သားနှင့်အမိ၊ မောင်နှင့်နှမတို့ မကြည့်ဝင့်စရာ သရုပ်ပျက်ဝတ်စား ဆင်ယင်ကြသည်။ သရုပ်ပျက်သီဆိုကြသည်။ ထိုအပြုအမူ သရုပ်ပျက် ယဉ်ကျေးမှုတို့ကြောင့် မြန်မာလူငယ်တို့သည် လမ်းမှားသို့ ရောက်မှန်းမသိ ရောက်ရှိသွားကြသည်။ ထိုအခါ မြန်မာ့လူဘောင်ကို အမှောင်ခေတ်သို့ တွန်းပို့ခဲ့ကြသည်။
ဤအပြုအမူ အကျင့်ဆိုးတို့သည် အကုသိုလ် အလုပ်များဖြစ်နေသဖြင့် လူငယ်ထုတစ်ရပ်လုံးကို အပယ်လေးပါးသို့ တွန်းပို့နေသည်နှင့် တူကြောင်းကို ယနေ့လူငယ်တို့ သိရှိဖို့ လိုအပ်လာသည်။ အနှစ်ချုပ် တင်ပြရလျှင် မြန်မာ့ယဉ်ကျေးမှုအမွေကို ယနေ့လူငယ်တို့ထံ လက်ဆင့်ကမ်းပေးလိုသည်။ လက်ဆင့်ကမ်းယူမည့် လူငယ်တို့ကလည်း ဗုဒ္ဓတရားတော်ကို အခြေခံသော မြန်မာ့ယဉ်ကျေးမှု အမွေကို လက်ခံသူများ ဖြစ်ရမည်ဖြစ်သည်။ သို့မှသာ စာရိတ္တမဏ္ဍိုင်
ကြံ့ခိုင်သူများဖြစ်လာကြမည်ဖြစ်သည်။ ယခုအခါစာရေးသူတို့ မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ကြိုးပမ်း တည်ဆောက်နေသည့် အချိန်ကာလလည်းဖြစ်သည်။ သို့ဖြစ်ပေရာ ယနေ့လူငယ်ထုအတွင်း ဒီမိုကရေစီအနှစ်သာရ တို့ကိုလည်း သိရှိနားလည် လေ့လာသင်ကြားနိုင်ကြရန်ဖြစ်ပါသည်။
သို့မှသာ ယနေ့လူငယ်များသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအဖြစ် ခံယူကျင့်သုံး လိုက်နာဆောင်ရွက်ကြပါလျှင် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင် တိုးတက်လာမည်သာဖြစ်သည်။
ဤသို့ဆိုလျှင် စာရိတ္တနှင့် ယဉ်ကျေးမှု မျက်နှာစာမှ အောင်ပန်းများနှင့်အတူ နိုင်ငံတော်မှ အားထားရသည့် “မျိုးဆက်သစ် လူငယ်များသည် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ဖို့ စွမ်းဆောင်ကြိုးပမ်းကြပါစို့” ဟုသာ ရေးသား တင်ပြလိုက်ရပေသည်။ ။
မော်ကျွန်း-မြင့်အောင်