သာယာအေးချမ်း ရွှင်လန်းတော့မည် မြန်မာပြည်
မြန်မာစကားပုံများနှင့် မြန်မာ့ဆိုရိုးစကားတို့တွင် ဆင်နှင့်ပတ်သက်သော စကားပုံ၊ အဆိုအမိန့်များ ပေါများလှသည်။ ဆင်စွယ်မှန် ပိုးမစား စကားပုံတွင် ဆင်စွယ်မှန်လျှင် ပိုးမစားနိုင်သကဲ့သို့ ခိုင်မာစစ်မှန်လျှင် ဖျက်ဆီး၍မရနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသောစကားပုံ တစ်ခုတွင် ဆင်ဖြူတော်ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေဟူ၍ဖြစ်သည်။ သူ၏ဇာတ်ကြောင်းမှာ ရှေးအခါက တစ်ချိန်တည်း မွေးဖွားလာကြသော မင်းသားငယ်တစ်ဦးနှင့် ပုဏ္ဏားငယ်တစ်ဦးတို့သည် အလွန်ချစ်ခင်ကြသည်။ အရွယ်ရောက်လာသောအခါ မင်းသားသည်မင်းဖြစ်၍ ပုဏ္ဏားငယ်သည် ပုရောဟိတ်ဖြစ်လာသည်။
တစ်နေ့သောအခါ ပုရောဟိတ်သည် မင်း၏ဇာတာကို စစ်ဆေးကြည့်ရာ(၇)ရက် အတွင်း ဆင်ဖြူရတနာ ဝင်ကိန်းရှိသည်ကို မြင်လေသည်။ မိမိသည်လည်း မင်းနှင့်အတူ တစ်ချိန်တည်း မွေးဖွားလာသူဖြစ်သဖြင့် ဆင်ဖြူတော် ဝင်ကိန်းရှိသည်ကို တွေ့မြင်သည်။ (၇)ရက်မြောက်သောအခါ မင်းကြီးထံသို့ ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် ရောက်ရှိလာသည်။ ပုရောဟိတ်ထံသို့မူ မုဆိုးမတစ်ဦးသည် ချည်ခင်အဖြူကို လက်ဆောင်ပို့လေသည်။ မင်းကြီးသည် ဘုန်းကြီးသည့် အလျောက် ဆင်ဖြူတော်ဝင်လေသည်။ ငါ့မှာမူ ဆင်ဖြူဝင်ကိန်းရှိသော်လည်း ဘုန်းကံနည်းသူဖြစ်သဖြင့် ချည်တစ်ခင်နှင့် သာကျိန်းကျေရလေသည်ဟု မြည်တမ်းလေသည်။ မြန်မာစကားတွင် ဆင်စီး၍မြင်းရံဆိုသော စကားသည် မိဘက မိမိ၏သားသမီးတို့အား အစစအရာရာ သာလွန်ကောင်းမြတ်စေသော စေတနာကို ပြဆိုခြင်းဖြစ်သည်။ ထို့အတူ နိုင်ငံတော်အစိုးရသည်လည်း မိမိ၏နိုင်ငံတော်ကို ဆင်စီး၍ မြင်းရံစေချင်သည်။ တိုင်းသူပြည်သားတို့ကို အစစအရာရာ သာလွန်ကောင်းမွန်စေလိုသော စေတနာဖြစ်သည်။
ဆင်ဖြူတော်တစ်စီး ပေါ်လာပြီဆိုသော သတင်းသည် တိုင်းပြည်အတွက် ကောင်းသောအတိတ်၊ ကောင်းသောနိမိတ်ဖြစ်သည်။ ဆင်ဖြူတော်နှင့် ပတ်သက်လျှင် ရှေးအစဉ်အဆက်ကပင်အလေးထား တန်ဖိုးထားခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင် အများသိရှိကြသော ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် နောက်ဆုံးဇာတ်တော်မှာ ဝေဿန္တရာဇာတ်တော်ကြီးဖြစ်သည်။ ဘုရားဖြစ်တော်မူရန် ကျင့်ကြံအားထုတ် ပါရမီတော်များ ဖြည့်ကျင့်နေသော ဗုဒ္ဓလောင်းလျာ၏ဘဝဖြစ်စဉ် အစိတ်အပိုင်း အချို့လေ့လာသိရှိလိုလျှင် ဇာတ်တော်ကြီးဆယ်ဘွဲ့ကို ဖတ်မှတ်ရသည်။ ဝေဿန္တရာဇာတ်တော်ကြီးတွင် ဆင်ဖြူတော်အကြောင်း ဖော်ပြပါရှိသည်။
ဝေဿန္တရာမင်း ဖွားမြင်သည့်နေ့တွင် ကောင်းကင်၌ သွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူတော်ပေါက်ကလေး တစ်စီးကို ဆောင်ယူလာလျက် မင်းကြီး၏ ဆင်တင်းကုပ်၌ထားခဲ့သည်။ ထိုဆင်ဖြူတော်လေးမှာ ဗုဒ္ဓလောင်းလျာအား အထောက်အပံ့ဖြစ်စေသောကြောင့် ပစ္စယဟု အမည်တွင်ပါသည်။ ဆင်ဖြူတော်ရောက်ရာ အရပ်၌ မိုးရွာသည်။ စားရေရိက္ခာ ပြည့်စုံဖူလုံသည်။ တိုင်းပြည်သာယာ ဝပြောသည်။ မကောင်းသောဘေးရန်၊ အဖျက်ရန်အပေါင်း ကင်းစင်လွင့်ပျောက်သည်။ ဝေဿန္တရာ မင်းကြီးသည် အလှူအတန်းတွင် လွန်စွာရက်ရောသည်။ အလှူမပြုသောနေ့ဟူ၍ မရှိသလိုမလှူဘူး ဟူ၍ ဆုံးဖြတ်ထားသော အရာလုံးဝမရှိပေ။
သိဝိတိုင်းစေတုတ္တရာပြည်တွင် ဆင်ဖြူတော် ရှိနေသည့်အတွက် ဆိုးကျိုးပျောက်၍ ကောင်းကျိုးရောက်နေသော်လည်း အခြားသော တိုင်းပြည်ဖြစ်သော ကာလိင်္ဂရာဇ်တိုင်း ၌ တစ်တိုင်းလုံး မိုးခေါင်၍ အစာရေစာငတ် မွတ်ခေါင်းပါးသည့် ဒုဗ္ဘိက္ခကန္တာရ ကပ်ဆိုက်ရောက်နေသည်။ ထို့ကြောင့် အစာရေစာ ပေါများကြွယ်ဝပြီး တိုင်းပြည်သာယာဝပြောလာစေရန် ရည်ရွယ်၍ ခုနစ်ရက်တိုင်တိုင် ဥပုသ်သီလ ဆောက်တည်သည်။ သို့ရာတွင် မိုးကားလုံးဝမရွာသဖြင့် ပညာရှင်တို့က “ဆင်ဖြူတော်ရောက်ရာ အရပ်၌ မိုးရွာသည်။ သိဝိတိုင်း စေတုတ္တရာပြည် ဝေဿန္တရာမင်းကြီးထံ၌ ဆင်ဖြူတော်ရှိသည်။ ဝေဿန္တရာမင်းကြီးသည် အလှူဒါန၌ အလွန်မွေ့လျော်သူဖြစ်၍ သူ့ထံမှဆင်ဖြူတော်ကို အလှူခံသင့်ပါသည်” ဟုလျှောက်ထားကြသည်။
ကာလိင်္ဂရာဇ်တိုင်းသို့ ဆင်ဖြူတော် ရောက်ရှိသွားသောအခါ မိုးရွာသွန်းပြီး တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြသဖြင့် ငတ်မွတ်ခေါင်းပါးဘေးမှ ကင်းဝေးသွားသည်။ ဤသည်မှာ ဇာတ်တော်လာ ဆင်ဖြူတော် အကြောင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသော ရှေးမြန်မာဘုရင် အဆက်ဆက်တို့သည်လည်း ဆင်ဖြူတော်ရရှိခြင်းကို လွန်စွာ အလေးထားကြသည်။ ဆင်ဖြူတော်ရှိလျှင် တိုင်းပြည် သာယာဝပြောပြီး စားရေရိက္ခာ ပေါကြွယ်သည်ဟု ယုံကြည်စိတ်ရှိသည့်အတိုင်း လက်တွေ့တွင်လည်း ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်သည်။
မြန်မာ့သမိုင်းတွင် ဆင်ဖြူရှင်၊ ဆင်ဖြူများရှင်ဘွဲ့နှင့် ထွန်းတောက်သောမြန်မာဘုရင် များရှိခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ အလောင်းမင်းတရား၏ ဒုတိယသားတော် မောင်ရွသည် ဘုရင်ဖြစ်လာသောအခါ ၎င်းင၏မူရင်းဘွဲ့တော်ထက် ဆင်ဖြူရှင်မင်း အဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ဇင်းမယ်၊ မဏိပူရ၊ ယိုးဒယားနိုင်ငံတို့ကို အောင်မြင်တော်မူသည်။ ၁၁၂၇ ခုနှစ်မှ ၁၁၃၀ ပြည့်နှစ်အတွင်း တရုတ်တို့နှင့် စစ်လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့သည်။ နောက်ဆုံး၌ တရုတ်-မြန်မာစစ်ပြေငြိမ်း စာချုပ်ချုပ်ဆိုခြင်းဖြင့် စစ်ပွဲများ ပြီးဆုံးခဲ့သည်။ စစ်ပွဲကြီးများ အပြီးတွင် တရုတ်-မြန်မာ ကူးသန်းရောင်းဝယ်မှုများ တိုးတက်ကောင်းမွန်လာခဲ့သည်။ ထိုမှစ၍ တရုတ်နှင့် မြန်မာတို့ ၁၀ နှစ်တစ်ကြိမ် သံတမန် အဆက်အသွယ်ထားရှိသည်။
ဆင်ဖြူရှင်မင်းသည် ၁၁၃၆ ခုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို အမြင့် ၃၂၆ ပေအထိမြှင့်တင် ဆောက်လုပ်တော်မူသည့် အပြင် ထီးတော်အသစ်ကိုလည်း တင်တော်မူခဲ့သည်။ ကုန်းဘောင်ခေတ် သမိုင်းသည် ယနေ့ခေတ်မြန်မာတို့နှင့် လွန်စွာနီးစပ်သော သမိုင်းဖြစ်ပါသည်။ ဆင်ဖြူတော် ပေါ်ပေါက်လာကာ ပိုင်ဆိုင်ထားခြင်းဖြင့် စစ်ရေးတွင် အနိုင်ရရှိသည်။ စီးပွားရေးဖြစ်ထွန်းသည်။ လူမှုရေးတွင် အလှူအတန်းကြီးမားစွာပြုနိုင်ခဲ့သည်။ ထိုခေတ်က အခြေအနေကို မှန်းဆကြည့်လျှင် စည်သံဗြောသံ တညံညံနှင့် မြန်မာတို့၏ အလှူ အတန်းပွဲများကြောင့် တာဝတိံသာနတ်ပြည်အလား မှတ်ယူနိုင်ပေလိမ့်မည်။ ဤသည်မှာ အတိတ်ကောင်း နိမိတ်ကောင်းဖြင့် နိုင်ငံတော် သာယာဝပြောခဲ့သည်မှာ ထင်ရှားသည်။
ရှေးခေတ်မြန်မာဘုရင်များ လက်ထက်တွင် ဆင်ဖြူတော်နှင့် ပတ်သက်၍ လွန်စွာ တန်ဖိုးထားခဲ့ခြင်းကြောင့် မြန်မာ့ရိုးရာ မဟာဂီတသီချင်းကြီးများတွင် ဖွဲ့ဆိုထားသည်မှာ အများအပြားရှိသည်။ ထိုအထဲမှ ညွန့်တက်သံသာ ဆင်မင်းကြိုးတစ်ပုဒ်ကို ဖော်ပြလိုပါသည်။ ထိုသီချင်းမှာ ဂီတပညာလေ့လာ လိုက်စားသူတိုင်း မဖြစ်မနေသင်ယူရသော သင်ရိုး(၁၃)ပုဒ်တွင် စတုတ္ထမြောက် ကြိုးသီချင်းကြီးဖြစ်သည်။
၄။ ညွန့်တက်သံသာဆင်မင်းကြိုး
(ဝန်ကြီးပဒေသရာဇာ)
(ဝေဘာဂီရိ တောင်ငယ်တွင်၊ သိကြားနတ်ယာဉ်ဆင်)၂။ (သည်ဆင်ကိုတည့်ပေးအပ်နှင်း၊ သိကြား သိကြားမင်း)၂။ (လျင်စေကာ၊ ထံတော်မှာ၊ဆက်ရမည်မှန်သာ)၂။ (နီတွေးတွေး၊ ရောင်ဖွေးဖွေး၊ ဖက်မဲ့သာပြိုင်နှိုင်းဝေး) ၂။ (ခြေသည်းလက်သည်းနီတျာ၊ နင်းတည့် နင်းခြေရာ)၂။ (မြင်ကာ မြင်ကာဆင်မျိုး၊ ကြောက်ရွံ့ရွံ့စိုး)၂။ (ဝေးဝေးထွက်ပြေးသွား၊ ကျုံးကို မုန်းလို့လား) ၂။ (ဆီးတား ဆီးတား) ၂။ ကာ။ ဆင်ဖြူလာ၊ ဆင်နီလာ၊ ဆို ဆို ဆိုကြလေး။ ဆင်တော်ပြောင်၊ ဆင်တော်ပြောင်၊ တောင်ပင် တောင်ရှိ မျိုးဆန္ဒန်လေ တည့် မျိုးဆန္ဒန်။ ။ (နိုင်ငံတော်မူမဟာဂီတစာအုပ်၊ စာ-၂)
ရှေးကမြန်မာဘုရင်တို့က ဆင်၊ မြင်းများကို လွန်စွာတန်ဖိုးထားသည့်အလျောက် စာဆိုတော် ပညာရှိများကလည်း ဆင်ခင်းကြိုး၊ မြင်းခင်းကြိုးများ များစွာရေးသား ဆက်သွင်းခဲ့သည်။ ပြောင်ပြောင်ပြောင် နာဂိန် စွယ်စွယ်စွယ် ရောင်ရှိန်အစ ချီထားသော ဆင်ခင်းကြိုးမှာလည်း လွန်စွာထင်ရှားလှသည်။ အဆုံးသတ် အပိုဒ်များမှာ အဓိပ္ပာယ်ပြည့်ဝသည့်အတွက် ဖော်ပြရလျှင် “သက်တော်ရာကျော် ရှည်မည်ရေး၊ ဘုန်းဘုန်း တော် ထွန်းပါလို့၊ ကျွန်းဇမ္ဗူမြေ၊ ခွန်းယူလေပိုင်သိမ်း၊ ငြိမ်းရေသို့၊ အေးတယ်ကိုလေး။ ။”ဟူ၍ဖြစ်သည်။
ဤကား ရှေးကမြန်မာဘုရင်မင်းမြတ်တို့နှင့် ဆင်ဖြူတော် ပိုင်ဆိုင်ခြင်းကို အကျဉ်းချုပ်ရေးသားခြင်းဖြစ်ပါသည်။
သာသနာတော်ကို အထူးချီးမြှင့်မြှောက်စားကြသော ခေါင်းဆောင်များ လက်ထက်တွင် မြန်မာနိုင်ငံ၌ ဆင်ဖြူတော်ပေါ်ထွန်းပါသည်။ ဆင်ဖြူတော် ပိုင်ဆိုင်ခြင်းကို ဂုဏ်ဒြပ်တစ်ခုအနေဖြင့် ငါးစီးရှင်ကျော်စွာ ဟူသော အမည်တွင်ခြင်းကို ကြည့်လျှင်သိနိုင်သည်။ ကုန်းဘောင်ခေတ်တွင် စုဖုရားလတ်၏ မယ်တော်သည် ဆင်ဖြူမရှင်ဟု အမည်တွင်ခဲ့သည်။ ဤသည်မှာလည်း ဇာတ်ကြောင်း အမှန်ရှိသည်။ မင်းတုန်းမင်းကြီး၏ ဖိဖုရားခေါင်ကြီး စကြာဒေဝီနတ်ရွာစံသည်။ ထိုအချိန်က ဆင်ဖြူမရှင်မိဖုရားသည် မိဖုရားခေါင်ကြီး နေရာကိုရယူလိုသည်။ မင်းတုန်းမင်းက ဆင်ဖြူမရှင်အဖြစ်သာ ထားရှိခဲ့သည်။ မိဖုရားခေါင်ကြီးနေရာမပေးခဲ့ချေ။
မြန်မာတို့ သူ့ကျွန်အဖြစ် နွံနစ်သွားသောအခါ မြန်မာမင်း အဆက်ဆက်တို့ ပိုင်ဆိုင်သော ဆင်ဖြူတော်များသည် ပျောက်ကွယ်သွားခဲ့သည်။ သာသနာတော်ကို အထူးချီးမြှင့်ပံ့ပိုးသော တိုင်းပြည်အုပ်ချုပ်သူများ လက်ထက်တွင် ဆင်ဖြူတော်များ ပေါ်ထွန်းလေ့ရှိသည်။
မြန်မာနိုင်ငံတွင် နေပြည်တော် မြို့တော်ကြီးပေါ်ထွန်းလာခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လမ်းတံတားများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ဆည်မြောင်းတာတမံများ၊ ပညာရေးဆိုင်ရာ ကျောင်းများ၊ တက္ကသိုလ်များအစရှိသည်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုများစွာ ဖြစ်ထွန်းခဲ့သည်။
ထို့အတူ ဆင်ဖြူတော်များ ပေါ်ထွန်းခဲ့သည်။
ထိုဆင်ဖြူရတနာများကို ဥပ္ပါတသန္တိစေတီတော်၏ အရှေ့ဘက်မုခ်တွင် ဆင်ဖြူတော် ရတနာနားနေဆောင်များ ဆောက်လုပ်၍ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ ဆင်ဖြူတော်များ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်စေရန် ဆင်ဖြူတော် ရတနာဥယျာဉ်ကို ဘုရားဝတ္တကမြေအတွင်း ပြုပြင်ထားရှိပါသည်။ ဆင်ဖြူတော်နားနေဆောင်ရှိ ဆင်ဖြူတော်ရတနာများမှာ ဘဒ္ဒဝတီ၊ နန္ဒဝတီ၊ ငွေဆဒ္ဒန်(ထီး)၊ ဟေမဝတီ၊ ဇာတကလျာနှင့်သီရိမာလာတို့ဖြစ်သည်။ ဇာတကလျာမှာ ဆင်ဖြူရတနာဘဒ္ဒဝတီမှ နေပြည်တော်၌ ၂၇-၁၁-၂၀၁၁ ရက်နေ့တွင် မွေးဖွားခြင်းဖြစ်သည်။
ယခုအခါ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှသည် ဆင်ဖြူတော်(အထီး)ကလေးတစ်စီးအား မွေးဖွားခဲ့သည်။ ဆင်ဖြူတော်(အထီး) ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ အချက် ရှစ်ချက်အနက် ခုနစ်ချက်ကိုက်ညီမှုရှိကြောင်း သိရှိရသည်။
ဆင်ဖြူတော်ကလေး၏ ကြန်အင်လက္ခဏာမှာ မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန် ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်းငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသော ကြန်အင်လက္ခဏာများ တွေ့ရှိရသည်။
ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ ၁၀ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅ လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ပေါင် ၁၉၀ ခန့်ရှိလာပြီး ကျန်းမာပျော်ရွှင်လျက်ရှိပါသည်။
ဤသို့ ဆင်ဖြူတော်ပေါ်ထွန်းလာခြင်း အကြောင်းရင်းကို ပြန်လည်လေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသာသနာတော်ကို အထူးချီးမြှင့် ထောက်ပံ့လျက်ရှိခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်နေခြင်း၊ သာသနာတစ်ဝက် မင်းကောင်းတစ်ဆက် ဆိုစကားနှင့်အညီ တိုင်းပြည်ငြိမ်းချမ်း သာယာအောင် ဆောင်ရွက်နေခြင်းများကြောင့် ဆင်ဖြူရတနာပေါ်ထွန်း လာခြင်းမှာ အကြောင်းရင်း အမှန်ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မွန်းလွဲပိုင်းတွင် တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးလှူဒါန်းခဲ့သည်။ နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်သည့်စိတ်၊ အမျိုး ဘာသာ သာသနာကို မြတ်နိုးသည့်စိတ် အရင်းခံဖြင့် လည်းကောင်း၊ နိုင်ငံတော်အတွက် ကောင်းကျိုး ဖြစ်ထွန်းသည်ကို ရည်ရွယ်၍ လည်းကောင်း လှူဒါန်းမှုပြုခြင်း ဖြစ်သည်။ ကောင်းမှုမြတ်နိုး၍ ကောင်းကျိုးပြုလုပ်ခြင်းဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော လှူဒါန်းမှုအဖြစ် မှတ်ယူရပေမည်။ မြန်မာနိုင်ငံသည် ရေမြေတောတောင်သဘာဝရှုခင်းများ လွန်စွာလှပ သည့်နိုင်ငံဖြစ်သလို မြေပေါ်မြေအောက် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်သည်။ လောကီရတနာများရှိသလို လောကုတ္တရာ ရတနာများလည်း ရှိသည့်နိုင်ငံဖြစ်ပေရာ တည်ငြိမ်အေးချမ်း၍သာယာချမ်းမြေ့ဖွယ် ကောင်းလှသော နိုင်ငံဟုဆိုနိုင်သည်။
ယခုအခါဆင်ဖြူရတနာ ထပ်မံရရှိလာသည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ခိုင်မာပြီး ပြည်တွင်းပြည်ပ အနှောင့်အယှက်ဘေးရန်များ ကင်းစင်ကာ ဘာသာသာသနာ ရောင်ဝါထွန်းလျက် သာယာအေးချမ်း ရွှင်လန်းတော့မည့် မြန်မာပြည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
ကိုးကားစာတမ်းများ
၁။ နိုင်ငံတော်မူမဟာဂီတ (ပထမတွဲ၊ ဒုတိယတွဲနှင့်တတိယတွဲများ)
၂။ ဥပ္ပါတသန္တိစေတီတော် သတ္တမအကြိမ်မြောက်ပူဇော်ပွဲမှတ်တမ်း
၃။ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနှစ်ချုပ် (ဦးအောင်ညွန့်ဝင်း)
၄။ ကုန်းဘောင်ရှာပုံတော် (ညိုမြ)
၅။ မြန်မာစကားပုံ (ပညာရေးဝန်ကြီးဌာန)