ဘာစီလိုနာအသင်းက အသင်းမူပိုင် ရုပ်သံထုတ်လွှင့်ခွင့် ၂၅ ရာခိုင်နှုန်းကို ရောင်းချကြောင်း အတည်ပြုပြီးနောက် ကစားသမားအသစ်များကို မှတ်ပုံတင်မှုပြုလုပ်နိုင်မည်
ဘာစီလိုနာအသင်းက အသင်းမူပိုင် ရုပ်သံထုတ်လွှင့်ခွင့် ၂၅ ရာခိုင်နှုန်းကို ယူရို သန်း ၁၀၀ ဖြင့် ရောင်းချနိုင်ပြီဟု အတည်ပြု ကြေညာခဲ့ပြီးနောက် ခေါ်ယူထားသည့် ကစားသမား အသစ်များကို စပိန်လာလီဂါပြိုင်ပွဲ၏ ကစားသမား စာရင်းတွင် မှတ်ပုံတင်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းဘဏ္ဍာရေး အကျပ်အတည်း တွေ့ကြုံခဲ့ရပြီးနောက် ဒေဝါလီခံရမည့် အရေးနှင့်ပင် တွေ့ကြုံခဲ့ရသော်လည်း အသင်းဥက္ကဋ္ဌသစ်အဖြစ် လာပေါ်တာဖြစ်လာပြီးနောက် အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းလျက်ရှိသည်။
ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းရန် အစောပိုင်းက ကွင်းအမည်ကို ရောင်းချခြင်း၊ ဂျာစီရင်ဘတ် စပွန်ဆာစာချုပ်ချုပ်ဆိုခြင်း စသည့်စပွန်ဆာ လုပ်ငန်းများမှ ယူရို သန်း ၆၀၀ ခန့်အထိ ရရှိခဲ့သည့်အတွက် အသင်းဘဏ္ဍာရေး အကျပ်အတည်းကို များစွာဖြေရှင်းနိုင်ခဲ့ပြီးနောက် ကစားသမား အပြောင်းအရွှေ့ကာလအတွင်း ခရစ္စတန်ဆန်၊ ကက်ဆီ၊ ရာဖင်ဟာ၊ လီဝန်ဒေါစကီးနှင့် ခွန်ဒေးတို့ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါကစားသမားများကို ခေါ်ယူထားသော်လည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းကြောင့် လက်ရှိတွင် ခရစ္စတန်ဆန်နှင့် ကက်ဆီတို့ကိုသာ ကစားသမား မှတ်ပုံတင်နိုင်ပြီး ကျန်ကစားသမားများကို မှတ်ပုံတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။