မုဒုံမြို့နယ်၌ တိုင်ထောင်ပဲတောင့်ရှည်များ ဈေးကောင်းရရှိ၍ စီးပွားဖြစ် စိုက်ပျိုးလာ

မုဒုံမြို့နယ်၌ တိုင်ထောင်ပဲတောင့်ရှည်များ ဈေးကောင်းရရှိ၍ စီးပွားဖြစ် စိုက်ပျိုးလာ

    မွန်ပြည်နယ်  မုဒုံမြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ  စီးပွားဖြစ် တိုးချဲ့စိုက်ပျိုး လာကြကြောင်း သိရသည်။

တိုင်ထောင်ပဲတောင့်ရှည်ပင်များကို   မစိုက်မီ  မြောင်းပေါင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ပေါင်များ အတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့်ဆန်စက်မှ ရရှိသည့်ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြား စိုက်ပျိုးရကြောင်း၊   အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရကြောင်း၊  ရက် ၄၀ ခန့်အကြာတွင် စတင်အသီးသီးပြီး ရက် ၅၀ ကြာလျှင် အသီးလှိုင်လှိုင် သီးကြောင်း၊ နှစ်ရက်ခြားတစ်ခါ ခူး၍ရောင်းရပြီး    နှစ်လကြာအထိ ခူးဆွတ် ရောင်းချရကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူတစ်ဦးက ပြောသည်။

တိုင်ထောင်ပဲတောင့်ရှည်များကို ရာသီမရွေး စိုက်ပျိုးရပြီး ဈေးကွက်တွင် ဒေသပေါက်ဈေးပဲတောင့်ရှည် တစ်ပိဿာလျှင် ငွေကျပ်၂၅၀၀၊ တစ်စည်းလျှင် ငွေကျပ်၁၀၀၀ ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြရာမှ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြသည်။

မုဒုံမြို့နယ်၌ ရော်ဘာ စိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား အလုပ်ကိုင်ကြပြီး မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးလာကြခြင်း ဖြစ်ကြောင်း သိရသည်။