တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက်ကြားဒေသ တင်းမာမှုများကို မြင့်တက်လာစေသည့် နန်စီပီလိုဆီ၏ ခရီးစဉ်
အမေရိကန်၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရခြင်းသည် ဆယ်စုနှစ်လေးခုအတွင်း အတော်အတန် တည်ငြိမ်နေခဲ့သည့် အမေရိကန်-တရုတ် ဆက်ဆံရေးကို အဆုံးသတ်သွားစေခဲ့သည်။
ထိုအချိန်မှစ၍ အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ယိုယွင်းလာခဲ့သည်။ ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် လုပ်ဆောင်ခဲ့သည့် ဆောင်ရွက်ချက်များကို ပြန်ကြည့်မည်ဆိုပါက တရုတ်(တိုင်ပေ)ခေါင်းဆောင် ဆိုင်ယင်းဝမ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်သည် ၁၉၇၉ ခုနှစ်မှစ၍ ပထမအကြိမ်အဖြစ် အမေရိကန်သမ္မတ တစ်ဦးက တရုတ်(တိုင်ပေ)ခေါင်းဆောင်အား ဖုန်းမှတစ်ဆင့် လက်ခံစကား ပြောခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် မေးခွန်းထုတ်လိုသည့် အမူအရာများကိုပါ ပြသခဲ့သည်။
အမေရိကန်၌ ယခုဒေါ်နယ်ထရမ့်မှာ သမ္မတရာထူးမှ ဆင်းပေးလိုက်ရပြီဖြစ်ပြီး ဂျိုးဘိုင်ဒင်တက်ရောက်လာခဲ့သည်။ သို့သော် အမေရိကန်-တရုတ် ဆက်ဆံရေးမှာ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် တိုးတက်မှုဟူ၍ မရှိသလောက် နည်းပါးလှသည်။
ပို၍ဆိုးလာသည့်အချက်မှာ မသေချာမှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယုံကြည်မှု ပျောက်ကွယ်ခဲ့ရသည့်အပြင် နှစ်နိုင်ငံကြား အနာဂတ်ဆက်ဆံရေးမှာ မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ မသေချာမရေရာမှုများ မြင့်တက်နေစဉ် အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်သည် အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေးကို အဆိုးရွားဆုံး အဆင့်သို့ရောက်ရှိ သွားစေခဲ့သည်ဟုလည်း ဆိုနိုင်သည်။
နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်သည် အန္တရာယ်များပြီး စဉ်းစားဉာဏ်ကင်းမဲ့သည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု တရုတ်အပါအဝင် ကျွမ်းကျင်သူများက ထောက်ပြပြောဆိုထားသည်။
ထို့ပြင် အဆိုပါခရီးစဉ်သည် တင်းမာမှုများကိုသာ မြင့်တက်လာစေပြီး နိုင်ငံများကြား သံသယဖြစ်မှုများကိုလည်း ပိုမိုဖြစ်ပွားလာစေမည့် အလားအလာရှိကြောင်း ကျွမ်းကျင်သူတစ်ဦးလည်းဖြစ် ဗြိတိန်သတင်းစာ ပညာရှင်လည်းဖြစ်သည့် မာတင်ယာ့ကပြောကြားထားသည်။ ထို့ပြင် ဒေသတွင်း၌ စစ်ရေးပဋိပက္ခများကိုလည်း မြင့်တက်လာစေနိုင်သည်ဟု ၎င်းကဆက်လက် ပြောကြားထားသည်။
နန်စီပီလိုဆီ၏ ခရီးစဉ်နှင့်စပ်လျဉ်း၍ တရုတ်အစိုးရက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နီကိုလပ်ဘန်းအား ဆင့်ခေါ်၍ ကန့်ကွက်ခဲ့သည့်အပြင် တရုတ်(တိုင်ပေ)အပေါ် စီးပွားရေး ပိတ်ဆို့မှုများသာမက တခြားအရေးယူမှုများကိုပါ ချမှတ်ခြင်းအားဖြင့် တုံ့ပြန်ခဲ့သည်။
နန်စီပီလိုဆီ၏ အဆိုပါခရီးစဉ်သည် အာရှ-ပစိဖိတ် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကို ဆန့်ကျင်နေသည့် အပြင် ဒေသတွင်းရှိ ပြည်သူများ၏ မျှော်လင့်ချက်နှင့်လည်း ဆန့်ကျင်လျက် ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီကပြောသည်။
ထို့ပြင် တရုတ်အစိုးရက အတန်တန် သတိပေးထားသည့်ကြားမှ ဂျိုးဘိုင်ဒင်အစိုးရက နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ) ခရီးစဉ်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အမေရိကန်အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်ကို အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချီကန်းက ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ သံတမန်ရေး နည်းလမ်းအရ တရားဝင် ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။
အမေရိကန်အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံအတွင်း ကြီးမားစွာ ဂယက်ရိုက်ခတ်စေခဲ့သည်ကိုလည်း တွေ့ရသည်။ တရုတ်(တိုင်ပေ)ရှိ ခွဲထွက်ရေးကို ထောက်ခံနေသည့် အယူအဆ တင်းမာသူများအပေါ် တရားဥပဒေအရ အရေးယူ ဆောင်ရွက်ရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်အင်အားစုကမျှ လျှော့မတွက်သင့်ကြောင်း ပြောဆိုချက်များလည်း ထွက်ပေါ်လာသည်။ တရုတ်အစိုးရသည် လက်ရှိတွင် နန်စီပီလိုဆီ၏ ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်(တိုင်ပေ)မှ ရှောက်၊ သံပရာသီးနှင့် ငါးတင်သွင်းမှုကို ပိတ်ပင်လိုက်ပြီဖြစ်သည်။ ထို့ပြင် တရုတ်(တိုင်ပေ)မှ ပို့ကုန်တင်ပို့သူ ၁၀၀ ကျော်ကို စာရွက်စာတမ်း အထောက်အထား သက်တမ်းကုန်ခြင်း ဟူသော အကြောင်းပြချက်ဖြင့် တင်ပို့ခွင့်တားဆီးလိုက်ပြီဖြစ်သည်။
ထို့ပြင် တရုတ်(တိုင်ပေ)အပေါ် စီးပွားရေးအရ ထိရောက်စွာ အရေးယူတုံ့ပြန်ရန် တရုတ်မှ သဲတင်ပို့မှုကို တားမြစ်သွားမည်ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ တရုတ်(တိုင်ပေ)သည် စက်မှုလုပ်ငန်းများအတွက် အဓိကအရေးပါသည့် ချစ်ပြားများထုတ်လုပ်ရာတွင် အသုံးပြုသော သဘာဝသဲကို တရုတ်နိုင်ငံမှ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် တစ်နှစ်တည်းမှာပင် မက်ထရစ်တန်ချိန် ၅ ဒသမ ၆၇ သန်း တင်သွင်းခဲ့သည်။ အဆိုပါ ပမာဏသည် တရုတ်(တိုင်ပေ)က တခြားနိုင်ငံများမှ စုစုပေါင်း တင်သွင်းခဲ့သည့်သဲ၏ ၈ ရာခိုင်နှုန်းခန့်ရှိသည်။
ထို့ပြင် တရုတ်(တိုင်ပေ)အနေဖြင့် သဲနှင့်ကျောက်စရစ်ကို တခြားနိုင်ငံများဖြစ်သည့် ဗီယက်နမ်မှ တင်သွင်းခြင်းသည် ကုန်ကျစရိတ် ပိုမိုများပြားခြင်းကြောင့် လိုအပ်သည့် သဲနှင့်ကျောက်စရစ် ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ တင်သွင်းနေရသည်။
တရုတ်(တိုင်ပေ)သည် လက်ရှိတွင် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ နက်ရှိုင်းစွာ ဆက်ဆံလျက်ရှိပြီး စုစုပေါင်း ထုတ်ကုန်၏ ၃၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်သွင်းလျက်ရှိသည်။
ထို့ပြင် တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသောကြောင့် တရုတ်အစိုးရ၏ တင်းကျပ်သည့် စီးပွားရေးအရ အရေးယူမှုသည် တရုတ်(တိုင်ပေ)ကို အနည်းနှင့်အများ ထိခိုက်နစ်နာစေမည့် အလားအလာ ရှိနေသည်။
ထို့ကြောင့် နန်စီပီလိုဆီ၏ ခရီးစဉ်သည် အမေရိကန်နှင့် တရုတ်တို့ကြား ဆက်ဆံရေး တင်းမာစေခဲ့သည့်အပြင် ထိုင်ဝမ်ရေလက်ကြား ဒေသဆက်ဆံရေးကိုပါ ထိခိုက်စေခဲ့သည်ဟု ဆိုနိုင်သည်။
နန်စီပီလိုဆီ၏ ခရီးစဉ် မစတင်မီကပင် တရုတ်နိုင်ငံက သတိပေးချက်များ ထုတ်ပြန်ထားပြီး အဆိုပါ ခရီးစဉ်ကို သွားရောက်မည်ဆိုပါက တရုတ်(တိုင်ပေ)အပေါ် ဘေးအန္တရာယ် ကျရောက်စေမည်ဟု တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာ ရုံးအဖွဲ့က ထုတ်ပြန်ထားသည်။
စင်စစ်တွင် နန်စီပီလိုဆီ၏ ခရီးစဉ်သည် အမေရိကန်အစိုးရက တရုတ်(တိုင်ပေ)အား ထောက်ခံမည်ဟု ပေးထားသည့် ကတိကဝတ်ကို ပေါ်လွင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော် အဆိုပါလုပ်ဆောင်ချက်သည် ရှေးယခင် အမေရိကန်အစိုးရ အဆက်ဆက်က အသိအမှတ်ပြု လက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလျော့ပါးစေရန် ဦးတည် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆထားသောကြောင့် နန်စီပီလိုဆီ၏ တရုတ်(တိုင်ပေ)ခရီးစဉ်သည် ဒေသတွင်း တင်းမာမှုများကို မြင့်တက်လာစေခဲ့သည့်အပြင် တရုတ်-အမေရိကန် ဆက်ဆံရေးကြား ဖြစ်ပွားနေသည့် မသေချာမရေရာမှုများကို ပိုမိုများပြား လာစေခဲ့ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
Ref: GT, ST
ဇေယျဘုန်း