အက်သလက်တီကိုအသင်း အိမ်ကွင်းဂျာစီအသစ် ရောင်းချရမှု ကျဆင်းနေသည့်အတွက် ပြီးခဲ့သည့် ဘောလုံးရာသီကဂျာစီကို ပြန်လည် အသုံးပြုရန် စီစဉ်နေ
အက်သလက်တီကိုအသင်းက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် အသုံးပြုမည့် အိမ်ကွင်းဂျာစီ အသစ်ရောင်းချရမှု ကျဆင်းနေသည့်အတွက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ဂျာစီကို ပြန်လည်အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။
အက်သလက်တီကို အသင်းသည် ၂၀၂၂- ၂၀၂၃ ဘောလုံးရာသီတွင် အသုံးပြုမည့် အိမ်ကွင်းဂျာစီအသစ်ကို တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် အသင်းပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အပြင် ဂျာစီ ရောင်းချရာတွင်လည်း ရောင်းအား ကျဆင်းနေသည့် အတွက် ပြီးခဲ့သည့်ဘောလုံးရာသီက အိမ်ကွင်း ဂျာစီကိုပင် ပြန်လည်အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။
အက်သလက်တီကို အသင်း၏ လာမည့်ဘောလုံး ရာသီတွင် ဝတ်ဆင်အသုံးပြုမည့် ဂျာစီမှာ ၎င်းတို့ အသင်းအထိမ်းအမှတ်ဖြစ်သည့် အဖြူရောင်နှင့် အနီရောင်ကို ဆက်လက် အသုံးပြုထားသော်လည်း ဂျာစီ၏ အနီရောင်အစင်းများမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ အစင်းကို ကွေးကောက်နေသည့် ဒီဇိုင်း အသုံးပြုထားသည့်အတွက် အသင်းပရိသတ်များက ၎င်းတို့အသင်း၏ မူလအိမ်ကွင်း ဂျာစီဒီဇိုင်းကို ပြောင်းလဲခဲ့သောကြောင့် ပြင်းပြင်းထန်ထန်ဝေဖန် ခဲ့ကြသကဲ့သို့ ဂျာစီရောင်းချရာတွင်လည်း မဝယ်ယူဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အက်သလက်တီကို အသင်း၏ ဂျာစီအသစ်ရောင်းချရမှုမှာ လက်ရှိအချိန်ထိ ပြီးခဲ့သည့်ဘောလုံးရာသီနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနေသည့်အတွက် အသင်း တာဝန်ရှိသူများကလည်း ဂျာစီဒီဇိုင်းကို ပြန်လည်ပြင်ဆင်လိုနေပြီး ပြီးခဲ့သည့် ဘောလုံးရာသီက အိမ်ကွင်း ဂျာစီပုံစံအတိုင်း ပြန်လည် အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။
အက်သလက်တီကို အသင်းက အိမ်ကွင်းဂျာစီ အသစ်ကိုသာ စီစဉ်နေသော်လည်း အဝေးကွင်း ဂျာစီကို ပြောင်းလဲမည် မဟုတ်ကြောင်း သိရသည်။