အာလူးဈေးအနည်းငယ် ကျဆင်းလာသော်လည်း ယခင်နှစ်များကထက် ဈေးနှုန်း ပိုမိုရရှိနေ

အာလူးဈေးအနည်းငယ် ကျဆင်းလာသော်လည်း ယခင်နှစ်များကထက် ဈေးနှုန်း ပိုမိုရရှိနေ

ရန်ကုန်ဈေးကွက်အတွင်း အာလူးဈေး အနည်းငယ် ကျဆင်းလာသော်လည်း ယခင် နှစ်များကထက် ဈေးနှုန်းပိုမိုရရှိနေကြောင်း  အာလူးစိုက်ပျိုး ရောင်းချသူများ၏ ပြောပြ ချက်အရ သိရသည်။

လတ်တလောတွင် အောင်ပန်းအာလူး တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀ မှ ၁၄၀၀ ဝန်းကျင် အထိရှိပြီး   တရုတ်အာလူးမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ဝန်းကျင် အထိရှိသည်။

“ပြည်ပက အာလူးအဝင်များခဲ့ပြီး ပြည်တွင်းကလည်း  ထွက်နေတော့  ဈေးဆက် တိုက် ကျဆင်းလာတာပါ။ ဒီနှစ်အစောပိုင်းက တစ်ပိဿာကို ငွေကျပ် ၂၀၀၀ အောက် ဈေးရခဲ့ပါတယ်”ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်များက အာလူးတစ်ပိဿာ လျှင် ငွေကျပ် ၅၀၀ မှ ၈၀၀  ဝန်းကျင်အထိသာ  ဈေးနှုန်းရရှိခဲ့သောကြောင့် လျှော့ချစိုက်ပျိုးခြင်းများ  ရှိခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည် စိုက်ပျိုးသူများရှိလာကြောင်း သိရသည်။

“ဒီနှစ်အာလူးဈေးက   အရင်နှစ်တွေထက် ဈေးကောင်းခဲ့တော့  ပြန်စိုက်တဲ့သူ လည်းများလာပါတယ်။ ဒါပေမဲ့ သွင်းအားစု စရိတ်တွေမြင့်လာတော့ အရင်တုန်းက လိုမျိုး  ပုံမှန်မရှိနိုင်လောက်ဘူး” ဟု ရှမ်း ပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ်မှ အာလူးစိုက်ပျိုးသူ တစ်ဦးကပြောသည်။

မြန်မာ့အာလူးစိုက် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို  ရှမ်းပြည်နယ်၌ စိုက်ပျိုးပြီး ရန်ကုန်တိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊    မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသ တို့တွင်လည်း  စိုက်ပျိုးကြကာ  မိုးအာလူးကို မတ်၊  ဧပြီနှင့်  ရေအာလူးကို  ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင်    စိုက်ပျိုးလေ့ရှိ ကြောင်း၊ စကအာလူးကို ဇူလိုင်၊ သြဂုတ် နှင့်  ဆောင်းအာလူးကို  အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ထို့ပြင်    စိုက်ပျိုးသည့် နေရာဒေသ အလိုက် စိုက်ပျိုးနည်းများ ကွာခြားလေ့ရှိပြီး   ရှမ်းပြည်နယ်၌  ရေသွင်းစိုက်နည်းနှင့် ကုန်းစိုက် အာလူးနှစ်မျိုးရှိကာ ရန်ကုန် တိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့၌ ယာမြေအာလူး၊ ရေကျ ကျွန်းအာလူးနှင့်  သဲသောင်ခုံ အာလူးများ စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။