လေးဖက်နာနှင့်ဓာတ်စာများ
ရဲယိုဓာတ်စာ
ကြည်လွင်မြင့်(မုဒြာ)
ရဲယိုသီး၊ ရဲယိုရွက်များကို ရှေးကမြန်မာလူကြီးများ စားသုံးလေ့ရှိသော်လည်း ယခုအခါ လူငယ်များတွင် မစားသုံးသလောက်ဖြစ်သွားပြီ။ စာရေးသူ တို့ငယ်စဉ် က ရဲယိုသီးနှင့်ထန်းလျက်ကို ခေါက်ပြီးစားရသည်။
ထိုသို့ပြုလုပ်ပေးသူမှာ အဘွားဖြစ်သည်။ အဘွားသည် ကိုယ်လက်အဆစ် များကိုက်ခဲလျှင် ရဲယိုသီးနှင့်ထန်းလျက်ကို ရောခေါက်စားလေ့ ရှိသည်။ ရဲယိုသီးကို စားချင်စိတ်ဖြစ်ပေါ်စေသော လိုင်စင်း ဓာတ်အမြောက် အမြား ပါဝင်သည်ဟုဆိုကာ ဖျော်ရည်၊အားတိုးဆေးရည်များ ပြုလုပ်ရောင်းချသည် များကို လွန်ခဲ့သောနှစ်အနည်းငယ်ကတွေ့ရသည်။ သို့သော် အရောင်းရတွင် ကျယ်မှုတော့ သိပ်မတွေ့ရပါ။
မိတ်ဆွေအငြိမ်းစားအရာရှိတစ်ဦးအိမ်တွင် ရဲယိုသီးအမှည့်ကို ဖျော်ရည်စက် (Blender) နှင့်ဖျော်ပြီးအစေ့များကိုစစ်ထုတ်ကာ သကြားရည်အနည်းငယ် ထည့်၍ သောက်သုံးသည်ကို တွေ့ရပါသည်။သူကစားချင်စိတ်မရှိလျှင်၊ အဆစ်အမျက်များညောင်းပြီးကိုက်ခဲလျှင် သက်သာစေသည်ဟုပြောသည်။
ရဲယိုသီးသာမက ရဲယိုရွက်သည်လည်း မြန်မာတို့၏ ဟင်းချက်စရာအဖြစ် သုံးစွဲကြသည်။ ရဲယိုရွက်နှင့် ငါးခူဖက်ထုပ်လုပ်ပြီး ပေါင်းစားလေ့ရှိကြသည်။ တချို့မှာ ငါးဖယ်ဆုပ်ကို ရဲယိုရွက်ကိုပြုတ်ပြီးအတို့အမြှုပ် လုပ်စားလျှင် လည်း နှုတ်မြိန်စေသည်။ ငါးပိရည်၊ တို့စရာအစုံစားလေ့ရှိသူများ၏ အကြိုက်တွေ့စေသော အစာဖြစ်သည်။
ရဲယိုပင်သည် မြန်မာနိုင်ငံအနှံ့အပြား အပူပိုင်းရော အအေးပိုင်းမိုးများရာ ဒေသများတွင်ပါ ပေါက်ရောက်သောအပင်ဖြစ်သဖြင့် အလွယ်တကူ ရနိုင် သော၊အဆစ်ရောင်လေးဖက်နာနှင့် သင့်လျော်သောဓာတ်စာ ဖြစ်သည်။
တိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားသည်မှာ နှလုံးရောဂါ၊ သွေးသွန် ရောဂါနှင့်ဆီးချိုရောဂါများအတွက် အရွက်ကိုဒန့်သလွန်ရွက်နှင့်ဟင်းချို ချက်သောက်က သက်သာပျောက်ကင်းစေသည်။ မီးယပ် သွေးချုပ်ခြင်း၊ ငုပ် ခြင်းအတွက် ရဲယိုသီးအမှည့်တစ်လုံးကို ထန်းလျက်နှစ်လုံးနှင့် ခေါက်စား ခြင်းဖြင့် သက်သာ ပျောက်ကင်းစေသည်။ လေငန်းရောဂါအတွက် ရဲယိုရွက် နှင့် ငါးရံ့ကိုဖက်ထုပ်လုပ်၍ဓာတ်စာအဖြစ် ချက်စားခြင်းဖြင့် ရောဂါသက် သာစေသည်။ အဖုအကျိတ်ရောဂါများအတွက် ရဲယိုရွက်ကိုကြိတ် အုံပေး ပါက နုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွားစေ တတ်သည်။ အနာမှ သွေးစိမ်းများ ယိုကျသောအခါ ၎င်း အသီးခြောက်ကိုအမှုန့်ပြု၍ သိပ်ပေးပါက သက်သာ စေသည်။
တီဘီရောဂါအတွက် အရည်ရွှမ်းသော ရဲယိုသီး မှည့်ကိုညှစ်ယူ၍ ရသော အရည်အား တစ်ကြိမ်လျှင် ဟင်းစားဇွန်းတစ်ဇွန်းခန့် တစ်နေ့လျှင် သုံးကြိမ် သောက် ပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။
အဆစ်ရောင်ခြင်း၊ နာခြင်းအတွက် အရွက်သတ္တုရည်ကို လိမ်းပေးပါက သက်သာစေသည်။ အရွက်သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အသားအရေ ကိုနူးညံ့ စေသည်။
နာနတ်သီးဓာတ်စာ
နာနတ်သီးသည် မိုးလယ်၊ မိုးနှောင်းအချိန်တွင် အလွန် ပေါများသော အသီးဖြစ်သည်။ နာနတ်သီးသည် အကြီး၊အသေး အရွယ် အစားမျိုးစုံရှိသည်။ သေးသော နာနတ်သီးငယ်လေးများက ပိုပြီးချိုသည်ကို တွေ့ရသည်။
နာနတ်သီးသည် လေးဖက်နာနှင့်သင့်၏ဟုဆေးကျမ်းများတွင် တွေ့ရသည်။ သို့သော် ဆေးဖော်ရန် မဟုတ် ဓာတ်စာအနေဖြင့် စားသုံးရန်ဖြစ်သည်။ နာနတ်သီးစားလျှင် ချိုသောအသီးကို စားသင့်သည်။ ချိုသော နာနတ်သီး သည် ပထဝီ၊ အာပေါဓာတ်စာ ဖြစ်သည်။ ချဉ်သောနာနတ်သီးသည် တေဇော၊ အာပေါ ဓာတ်စာဖြစ်သည်။ လေးဖက်နာနှင့်အဆစ်ရောင်သူ၊ အကြောတက်သူများမှာ ချိုသောနာနတ်သီးကို စားလျှင် အကိုက်အခဲ သက်သာပြီး အဆစ်ရောင်ကျစေသည်။ နာနတ်သီး ကို ယိုထိုး စားသော ဓလေ့လည်း ရှိသည်။ သကြားစစ်စစ်ဖြင့် ယိုထိုးထားသောနာနတ်သီးယိုကို စားသုံးနိုင်သည်။ဆေးသကြားဖြင့် ထိုးထားလျှင်အဆစ်ရောင်နှင့် မတည့် ပေ။
ငှက်ပျောသီး မီးဖုတ်ဓာတ်စာ
စာရေးသူ တို့ငယ်စဉ်က အမေက ဖီးကြမ်းငှက်ပျော သီးကျွေးလျှင် အပြင် ခွံကိုနွမ်းအောင် မီးကင်ပြီးမှဇွန်းဖြင့် ခွံ့ကျွေးလေ့ရှိသည်။ ငှက်ပျောသီး ဖီးကြမ်း သည် အားရှိသဖြင့် ကျွေးသည်။ သို့သော် ကလေး ရင်မကျပ်အောင်၊ ချွဲမထအောင်မီးကင် မီးဖုတ်ပြီးမှကျွေးခြင်း ဖြစ် သည် ဟုဆိုသည်။
ငှက်ပျောသီးဖီးကြမ်းသည် အားရှိရုံသာမက လေပူကိုနိုင်သော ဓာတ်စာ ဖြစ် သည်။ ဖီးကြမ်းအမှည့်ကို အခွံ နွှာလိုက်လျှင် အခွံအတွင်း ရှိအမျှင် ပါသော အသားမှာအစာအိမ်အတွက်ကောင်းသည်။ အပူကန်ခြင်း၊ အာသီးရောင်ခြင်း၊ လျှာနာ၊ သွားဖုံးနာများကိုသက်သာစေသည်။ သို့သော်လူအများက ထိုဆေး ဖက်ဝင်သောအပြင် ခွံကိုနွှာပြီးလွှင့်ပစ်လိုက်ကြသည်။
ငှက်ပျောသီးဖီးကြမ်းကို မီးကင် သို့မဟုတ် ပြာပူ နှင့်မီးဖုတ်လိုက်သောအခါ အခွံအတွင်းမှအမြှေးသားများသည် ပျော်ဝင်ပြီးငှက်ပျောသီး အသား အတွင်း သို့ရောက်သွားနိုင်သည်။ ထို့ကြောင့်မီးကင်ပြီးမှစားခြင်းဖြင့် အမြှေးဓာတ် ကိုပါရနိုင်ပေသည်။တချို့တောနက်၊ အထူးသဖြင့် ကရင်ရွာများတွင် ဖီးကြမ်း ငှက်ပျောသီးအစိမ်းကိုဟင်းချက်စားကြသည်။
ငှက်ပျောအူတိုင်ကိုလည်းတာလပေါဟင်းချက်စားကြသည်။ ထိုသူတို့သည် အစာအိမ်ဝေဒနာနှင့်အဆစ် ရောင်ဝေဒနာများ၊ အဆစ်ကိုက်ခဲခြင်းများ ကင်းပြီး တောင်ဆင်းတောင်တက်အလုပ်လုပ်နိုင်ကြသည်ကိုတွေ့ရသည်။ လေးဖက်နာနှင့်အဆစ်အမျက်ကိုက် ဝေဒနာရှင်များအတွက် ဖီးကြမ်း ငှက်ပျောသီးကို တစ်နေ့လျှင် နှစ်လုံး မီးကင်ကျွေးခိုင်းသောအခါ တချို့မှာ ကိုက်ခဲမှုအတွက်သက်သာကြောင်း၊ အထောက်အကူဖြစ်ကြောင်း လူနာ များထံမှသိရသည်။ မခက်ခဲသောဓာတ်စာမျိုးဖြစ်ပါသည်။ နေ့စဉ် တစ်နေ့ နှစ်လုံးခန့်စားကြည့်ပါ။
ဟင်းနုနယ်ဓာတ်စာ
ဟင်းနုနယ်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စားသုံးနေကြသဖြင့် ပုံသဏ္ဌာန် ကိုဖော်ပြနေရန်မလို တော့ပါ။ ဆေးဖက်ဝင်သောဓာတ်စာဖြစ်ကြောင်းကို ရေးသားလိုသည်။ ဟင်းနုနယ်ကို ကြော်စားလေ့ရှိကြသည်။ ဟင်းချို ချက်၍ လည်းသောက်လေ့ရှိကြသည်။ အစိမ်းရောင် မပျက်အောင် ကြော်ချက်လျှင် အကောင်းဆုံးဖြစ်သည်။ ဟင်းနုနယ်သည်အနောက်တိုင်းဆေးပညာအရ သံဓာတ်ပါသောအစားအစာဖြစ်သည်။ သွေးအားနည်းခြင်းကိုနိုင်သည်။ သွေးအားတိုးဆေးဖြစ်သည်။ အကြောအခြင်များ၊ အဆစ်အမျက်များသို့ သွေးထောက်ပံ့မှုအားကောင်းစေသည်။ အကြောအဆစ်ရောင်ခြင်း၊ လေပူထ ခြင်းတို့ကိုနိုင်သောဓာတ်စာဖြစ်သည်။
ဟင်းနုနယ်ကိုစည်းဆေးအဖြစ်အသုံးပြုခြင်းထူးခြားသောဆေးဖက်အသုံးမှာ ဒူးဆစ်ရောင်၊ ခြေဆစ်ရောင်၊ လက်ဆစ်ရောင်ဝေဒနာများကို ဟင်းနုနယ် ပဉ္စငါးပါး(တစ်ပင်လုံး)ကိုရေစင်စင်ဆေး၊ ထုထောင်း ပြီးရောင်သည့် နေရာ များတွင် အုံစည်းပေးလျှင် အရောင်ကျသည်ဟုဆိုသည်။ ဟင်းနုနယ် သည် အအေးဓာတ် ရှိသဖြင့် ပူပြီးရောင်သောအဆစ်ရောင်ရောဂါများ အတွက် သင့်လျော်ပေသည်။ ဒဏ်ကြေဆေးအဖြစ်လည်းသုံးနိုင်သည်။ ထိခိုက်မိ၍ ရောင်ကိုင်းနေသော အဆစ်များကိုညဘက်စည်း၍အိပ်ပါ။ နံနက်တွင် အရောင်ကျသွားပါလိမ့်မည်။ ။