နိုင်ငံဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေး
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ သြဂုတ် ၅ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံ နည်းလမ်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှု ရှိရေးမှာ လွန်စွာအရေးကြီးလှသည်။ ၁၈ လတာကာလအတွင်း နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် EAO အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု ၉ ကြိမ်၊ ညှိနှိုင်းရေး ကော်မတီအနေဖြင့် EAOအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကို လိုလားသော အခြားအဖွဲ့အစည်းများနှင့် စုစုပေါင်း ၇၅ ကြိမ်တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ တိုင်းပြည်နှင့်ဒေသ ကောင်းကျိုးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသာယာမှုကို အထူးလိုလားသည်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ထားရှိကာ ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ကောင်းကျိုးအတွက် ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က ၂၀၂၂ ခုနှစ်၊ ဧပြီလ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည့် အတွက် NCA လက်မှတ်ရေးထိုးထားပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ၇ ဖွဲ့၊ လက်မှတ် မရေးထိုးထားရသေးသော တိုင်းရင်းသား လက်နက်ကိုင်များထဲမှ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့နှင့်ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒပြုထားသည်။
နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် နွေးထွေးပျူငှာစွာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည့်အတွက် ဆွေးနွေးပြီးသမျှ ရလဒ်ကောင်းများ ပေါ်ထွက်နေကြောင်း သိရှိရသည်။ အဖွဲ့အားလုံးနှင့် ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သတင်းကောင်း ကြားသိရသည်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး ပထမအကြိမ် ဖိတ်ခေါ်မှုတွင် တက်ရောက်လာခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တက်ရောက်ဆွေးနွေးနိုင်ရေးကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထပ်မံဖိတ်ခေါ်ခဲ့သည်။ “ကျွန်တော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပါတယ်။ စိတ်ချယုံကြည်စွာ လျှောက်လှမ်းလာကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ပြည်ထောင်စုကြီးရဲ့ အကျိုး ပြည်ထောင်စုဖွား တိုင်းရင်းသားများရဲ့ အကျိုးကို ရည်မျှော်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးကြခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်” ဟူ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၁ နှစ်နှင့် ၆ လ(၁၈ လ) ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီသော ပါတီစုံဒီမိုကရေစီ ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်တာနှင့် ဖြစ်ချင်တာများကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးနေခြင်း ဖြစ်သည်။ ထို့ပြင်ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့်ဇယား (၂)ပါအချက်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးနေသည်ကို သတင်းမီဒီယာများမှ တစ်ဆင့် ပြည်သူတစ်ရပ်လုံး တွေ့မြင်ခဲ့ကြရပြီဖြစ်သည်။
ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်မှာ ငြိမ်းချမ်းစွာ နေထိုင်စားသောက်နိုင်ရေး ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ဖိတ်ခေါ်လျက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ပြည်သူလူထု၏ ကောင်းကျိုးကို ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ပေရာ ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး တက်ရောက်သင့်သည်။ မိမိတို့ရပ်တည်နေသော ဒေသကောင်းကျိုးကို အမှန်တကယ် သယ်ပိုးမည်ဆိုပါလျှင် ပြည်ပကမြှောက်ပင့်သွေးထိုး စကားများကို နားမယောင်ဘဲ နှစ်ဦးနှစ်ဖက် တိုက်ရိုက်ဆွေးနွေး အဖြေရှာခြင်းသည် အကောင်းဆုံး စွမ်းဆောင်ချက်ဖြစ်သည်။
ဒီမိုကရေစီစနစ် ဆိုသည်မှာ ပြည်သူက သူတို့ကို ကိုယ်စားပြုမည့်သူကို ကိုယ်တိုင်ရွေးချယ်သော စနစ်ဖြစ်သည်။ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသော တိုင်းဒေသကြီး/ပြည်နယ်များမှာ လူမျိုးတွေ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသော အယူအဆ သဘောတရား ဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊မျှဝေခံစားခြင်းဖြစ်သည်။
ထို့ကြောင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟု ဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူတို့က ရွေးချယ်သောအုပ်ချုပ်ရေးစနစ်မှာ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမှာ ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာစေရန်မှာ ငြိမ်းချမ်းရေးသည်အဓိက ပင်မ မဏ္ဍိုင်ဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။ ။