အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာတက္ကသိုလ် ဝူရှူးအားကစားမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားမှ ကြေးတံဆိပ်ဆု ရရှိ
နေပြည်တော် သြဂုတ် ၄
အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်မှစ၍ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် Sunee Tower ၌ ကျင်းပသည့် ဝူရှူးအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆု ရရှိသည်။
ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲတွင် ပွဲစဉ်လေးမျိုး ကျင်းပခဲ့ပြီး ပွဲစဉ်(၄)ဖြစ်သည့် အမျိုးသမီး ထိုက်ချိချွမ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မမြတ်နိုးအိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ ရမှတ်(၉.၆၅)ဖြင့် ပထမဆု ရွှေတံဆိပ်ကိုရရှိသည်။
မလေးရှားနိုင်ငံမှ ဒုတိယဆု ငွေတံဆိပ်ကို ရရှိပြီး အင်ဒိုနီးရှားနိုင်ငံမှ တတိယဆု ကြေးတံဆိပ်ကို ရရှိသည်။
မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို စတင်ရယူပေးသည့် မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ် သမိုင်းဘာသာ ရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစား အဖွဲ့ အနေဖြင့် ဝူရှူးအားကစားနည်း လေးမျိုးကို ဆက်လက် ယှဉ်ပြိုင်လျက်ရှိသည်။
အာဆီယံတက္ကသိုလ် အားကစား ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် အူဘွန်းရာချဌာနီ ရဂျာဟက်တက္ကသိုလ့် UBRU Happiness Stadiumကွင်း၌ မြန်မာနိုင်ငံ တက္ကသိုလ် ဘောလုံးအသင်းနှင့် လာအိုနိုင်ငံ တက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ် ၉၀ ပွဲပြီးဆုံးချိန်ထိ ဂိုးမရှိသရေရလဒ်ဖြစ်သဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ကန်ကြရာ မြန်မာတက္ကသိုလ် အသင်းက ပယ်နယ်တီ အနိုင်ဂိုးများကို မောင်ခိုင်ရဲဝင်း၊ မောင်ညီညီ၊ မောင်သန်း မြတ်စိုးနှင့် မောင်စိုးသူရတို့က သွင်းယူခဲ့ကြပြီး ၄ ဂိုး ၃ ဂိုးဖြင့် တတိယဆု ကြေးတံဆိပ် ရရှိခဲ့ကြောင်း သိရသည်။