ပတ်ဝန်းကျင်သန့်ရှင်း ဘေးဥပဒ်ကင်း
မျက်မှောက်ကာလ ဂလိုဘယ်လိုက်ဇေးရှင်းခေါ် တစ်ကမ္ဘာလုံးလွှမ်းခြုံ စုစည်းလှုပ်ရှားမှုဆိုင်ရာကဏ္ဍ များအနက် ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု ပြဿနာ သည် ထိပ်တန်းတွင်ရပ်တည်လျက်ရှိသည်။ သိပ္ပံ နည်းပညာများ နှင့်စက်မှုအတတ်ပညာများထွန်းကား လာခြင်းသည် ယနေ့ကမ္ဘာအား လွှမ်းမိုးပိုင်းဖြတ်ထား ၏။ လူသားတို့၏ ခေတ်မီတိုးတက်လာမှုနှင့်အတူ လိုအပ်ချက်များကို ပံ့ပိုးပေးရန်စက်မှုအတတ်ပညာ များက အထူးတလည် ဝန်ဆောင်မှုပေးသည်။ သိပ္ပံနှင့်ဆေးပညာတိုးတက်လာ၍ ကမ္ဘာ့လူဦးရေမှလည်း သိသိသာသာတိုးလာ၏။ တိုးတက်လာသော လူဦးရေအတိုင်း လိုအပ် ချက်များဖြည့်ဆည်းပေး နိုင်ရန် စီးပွားရေးတိုးတက်အောင် အစွမ်းကုန် ကြိုးပမ်းကြသည်။ ထိုအခါကြီးမားလှသော အန္တရာယ်ကြီး တစ်ရပ်နှင့်ရင် ဆိုင်ရတော့သည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာကြီးပင်ဖြစ်သည်။
သဘာဝကိုလူသားတို့မညှာမတာပြုကျင့်ပါက သဘာဝသည်လည်း လူသားတို့အပေါ်တွင် တန်ပြန်အန်တုလာစမြဲပင်ဖြစ်၏။ ထိုအခါသက်ရှိ ပတ်ဝန်းကျင် နှင့်သဘာဝပတ်ဝန်းကျင်တို့ သဟဇာတဖြစ်မှုများ ပျက်သုဉ်းရတော့သည်။ ထို့ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မလွဲမသွေလက်ခံရရှိလာ၏။ ပတ်ဝန်း ကျင်ရှိ လေထုညစ်ညမ်းမှုသည်လည်းကောင်း၊ ရေထု ညစ်ညမ်းမှုသည်လည်းကောင်း၊ မြေထုညစ်ညမ်းမှု သည်လည်းကောင်း၊ အသံညစ်ညမ်းမှုသည်လည်း ကောင်း ကမ္ဘာမြေနှင့်ကျွန်ုပ်တို့ပတ်ဝန်းကျင်တိုးတက်သာယာရေးကိုကြီးမားစွာ အန်တုအနှောင့် အယှက်ပြုလာသည်။
သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်တို့သည် အပြန်အလှန်အမှီသဟဲပြုနေရသည်။ ထိုသို့အချင်းချင်း အပြန်အလှန်မှီခိုနေရခြင်းကြောင့် ဂေဟစနစ်များ အဖြစ် ဖြစ်တည်လာ၏။ ပတ်ဝန်းကျင်ကောင်းမှ ဂေဟ စနစ်များကောင်းပြီး သက်ရှိတို့တည်မြဲရှင်သန်နိုင် မည်ဖြစ်သည်။ လေကောင်းလေသန့်သည် သက်ရှိ သတ္တဝါတို့ကို ကျန်းမာစေသည်။ ရေကောင်းရေသန့် ကိုမှီဝဲရပါမှ သတ္တဝါတို့ရှင်သန်မည်။ မြေဆီသြဇာ ပြည့်ဝမှသာ အပင်လောကဖြစ်ထွန်း ပြီး အစာအာဟာရ နှင့် အသက်မွေးဝမ်းကျောင်းအတွက် အဆင်ပြေမည်။ အသံဆူညံမှုကင်းမဲ့မှ စိတ်တည်ငြိမ်အေးချမ်း မည်။ သင့်လျော်သည့် အလင်းရောင်သည်သာ အမြင်အာရုံကို အကျိုးပြုစေမည်။ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး၊ စားနပ်ရိက္ခာပြည့်ဝရေး၊ စီးပွားရေး၊ အပန်းဖြေရေးတို့သည် အမြဲဆက်စပ်လျက်ရှိပေရာ ပတ်ဝန်းကျင်သန့်ရှင်းအောင် စနစ်တကျ ထိန်းသိမ်းတတ်ရေးလိုအပ်လာသည်။
သန့်စင်သောလေသည် ဇီဝထုကြီးတစ်ရပ်လုံးအတွက် မရှိမဖြစ်လိုအပ် သည်။ လေမရှိလျှင်ကမ္ဘာကြီးသည်လည်း သက်ရှိနှင့်အပင်များ ကင်းမဲ့ရာ ဂြိုဟ်ကြီးတစ်ခုအသွင်ဆောင်သွား မည်သာဖြစ်၏။
လေကောင်းလေသန့်သည် ကျန်းမာရေးနှင့်အသက်ရှင် သန်ရေးကို ကောင်းစွာအထောက်အကူပြုပြီး ညစ်ညမ်းသောလေသည် ဘေးဥပဒ် အမျိုးမျိုး၊ ရောဂါအမျိုးမျိုး ကျရောက်မှုကိုအားပေးသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု များအနက် လေထုညစ်ညမ်းမှုသည် အဓိကအရင်းခံ အကြောင်း တရားတစ်ရပ်ဖြစ်သည်။ လေထုညစ်ညမ်း မှုတွင် သဘာဝအရ ညစ်ညမ်း မှုနှင့် လူတို့၏ပယောဂ ကြောင့်ဟူ၍ နှစ်မျိုးတွေ့ရသည်။ သဘာဝအရ လေထု ညစ်ညမ်းမှုမှာ မပြောပလောက်သော်လည်း လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်း မှုမှာ အတိုင်းအဆမရှိ ကြီးမားလှ ပေသည်။
လေထုညစ်ညမ်း၍ ဖန်လုံအိမ်အာနိသင်မြင့်မား လာပြီး ကမ္ဘာကြီးကိုပို၍ ပူနွေးလာစေ၏။ ကမ္ဘာကြီး ပူနွေးမှုကြောင့် သီဥတုဖောက်ပြန်ပြောင်းလဲလာ ကာ မိုးလေဝသနှင့် ဇလဗေဒဖြစ်စဉ်များ ကမောက် ကမဖြစ်လာသည့် အတွက် သဘာဝဘေးအန္တရာယ် အရပ်ရပ်တို့ ကျရောက်ခံစားလာရသည်။ ပတ်ဝန်း ကျင်သန့်ရှင်းရေးအတွက် ဆောင်ရွက်မည်ဆိုလျှင် လေထု ညစ်ညမ်းမှုလျော့နည်းပပျောက်အောင်ဦးစွာ ဆောင်ရွက်ရေးလိုအပ်၏။ အဓိကအားဖြင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ အပါအဝင် စီးပွားရေးကဏ္ဍ အရပ်ရပ်၌ ကာဗွန်ထုတ်လွှတ်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချ နိုင်ရမည်ဖြစ်သည်။ ထို့အတူ လူသားတို့၏ နေထိုင်ပြုကျင့်မှုပုံစံများကို စည်းကမ်းတကျဖြစ်အောင် ပြောင်းလဲရမည်သာဖြစ်သည်။ ဥပမာ စွန့်ပစ်ပစ္စည်း များနှင့်အမှိုက်များကို မီးမရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာ အစားလှေကား ထစ်စိုက်ပျိုးရေးစနစ်သို့အသွင်ပြောင်း ခြင်း၊ စားကြွင်း ကျန်များစနစ်တကျစွန့်ပစ်ခြင်း၊ အိမ်တွင်းအိမ်ပြင် လေဝင် လေထွက်ကောင်းစေပြီး ပတ်ဝန်းကျင်သန့်ရှင်းခြင်း စသည်တို့ဖြစ်သည်။
သန့်စင်သောရေသည်သာ သက်ရှိတို့ကိုအကျိုးပြု သည်။ ညစ်ညမ်းရေသည် ရောဂါဘယဖြစ်ပွားစေပြီး ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေ၏။ သဘာဝ သည် တစ်ခုသောအတိုင်းအတာအထိရေချိုကို သန့်စင်ပေး၊ ထိန်းပေးထား သည်။ သို့ရာတွင် လူတို့၏ ပယောဂကြောင့် ကမ္ဘာ့ရေထုညစ်ညမ်းလာရ၏။
စက်ရုံများမှ ရေဆိုးများကိုသန့်စင်မှုမပြုဘဲ မြစ်ချောင်း အတွင်းသို့စွန့်ပစ်ခြင်း သည် ရေညစ်ညမ်းစေသော အဓိကအကြောင်းရင်းဖြစ်သည်။ ထို့အတူ ပိုးသတ် ဆေးများအလွန်အကျွံအသုံးပြုခြင်း၊ အမှိုက်များကို စည်းကမ်းမဲ့စွန့် ပစ်ခြင်း၊ ပင်လယ်ပြင်၌ ရေနံယိုဖိတ်မှု ဖြစ်ခြင်း၊ မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်ပြောင်းလဲ လာခြင်း စသည့်အကြောင်းများကြောင့် ရေထုညစ်ညမ်း မှုဖြစ်လာရ၏။ ကမ္ဘာပေါ်တွင်သန့်စင်သောရေကို ပင် မမြင်ဖူး သူများရှိကြသည်။ သောက်ရေအတွက် အလွန်ဝေးကွာ သောနေရာ အထိ သွားရောက်ခပ်ယူရ သော ဒေသများလည်းရှိ၏။ ရေညစ်ညမ်းမှု နှင့်ရေချိုရှားပါးလာမှုသည် နှင့်ကုန်းနေရေနေသတ္တဝါအားလုံးကို ခြိမ်းခြောက်နေပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြေထု ညစ်ညမ်းလာ မှုသည်လည်း သက်ရှိများနှင့်အပင်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်၏။ စက်မှုလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများနှင့်ဓာတု ဗေဒပစ္စည်းများသည် မြေဆီသြဇာ ကို ကုန်ခန်းစေကာ မြေထုညစ်ညမ်းမှု ကိုဖြစ်စေသည်။
မြေဆီလွှာပမာဏသည် ကမ္ဘာ့မြေထုအတိုင်းအတာ နှင့် နှိုင်းစာသော် အလွန်နည်းပါး၏။ မိုးရေတိုက်စား ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် လေပြင်းတို က်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကြောင့်လည်း မြေဆီလွှာ တချို့ပြုန်းတီးရသည်။ မြေဆီလွှာပျက်စီးရ ခြင်း၏ အဓိကအကြောင်းရင်းမှာ သစ်ပင်သစ်တော များပြုန်းတီးလာ၍ဖြစ်၏။ သစ်ပင်သစ်တောသည် မြေဆီလွှာ မပျက်စီးရအောင်ထိန်းပေးနိုင်စွမ်းရှိသည့် အပြင် သစ်ရွက်ကြွေ များက မြေဆီလွှာကိုအားပြန် ဖြည့်ပေးတတ်သည်။ မြေဆီလွှာ ထိန်းသိမ်း ရေးနှင့် မြေထုညစ်ညမ်းမှုမဖြစ်စေရေးအတွက် ကြွပ်ကြွပ်အိတ် များအပါ အဝင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှု နှင့် စည်းကမ်းတကျရှိမှု တို့များစွာလိုအပ်သည်။
အသံညစ်ညမ်းမှုကြောင့် စိတ်အာရုံထွေပြားပြီး ကျန်းမာရေးကို ထိခိုက် စေ၏။ မျက်မှောက်ခေတ် တွင် တိုးတက်လာသော စက်မှုအတတ်ပညာ ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များမှ ပေါ်ထွက်လာ သော ဆူညံသံများ၊ သယ်ယူပို့ဆောင်ရေးယာဉ် ယန္တရားများကြောင့် ဖြစ်ပေါ် လာသော ဆူညံသံများ သည် လူတို့၏စိတ်ငြိမ်မှုကို ပျက်ပြားစေသည်။
ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများကို လူသူနေထိုင်ရာနှင့် လွတ်ကင်း သည့်နေရာများတွင် စက်မှုဇုန်များအဖြစ် ထူထောင်ကာ သီးခြားထားရှိ လာကြသည်။ သို့ရာတွင် သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ဆူညံသံများ၊ အိမ်ဆောက်ရာတွင် ရေပေါ်ထိုးစက်များအသုံးပြု လာသဖြင့် ထွက်ပေါ်လာ သော ဆူညံသံများ၊ ရပ်ရွာ အတွင်း အသံချဲ့စက်၊ ဆောင်းဘောက်များမှ ထွက် ပေါ်လာသော ဆူညံသံများစသည်ဖြင့် ကျန်ရှိနေ ဆဲဖြစ်ရာ အသံ ညစ်ညမ်းမှုအတွက် အသိတရားရှိရှိ လုပ်ကိုင်တတ်မှသာ ပတ်ဝန်း ကျင်သန့်ရှင်းမှုကို အထောက်အကူပြုမည်ဖြစ်သည်။
ယနေ့ကာလတွင် သစ်ပင်သစ်တောများ ပျက်စီး ပြုန်းတီးလာမှုက ပတ်ဝန်း ကျင်ဆိုင်ရာများအနက် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ သစ်ပင် သစ်တောများ သည် လေထုကိုညစ်ညမ်းစေသော ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ကို စုပ်ယူထိန်းသိမ်း၍ သက်ရှိများ အတွက် လိုအပ်သော အောက်ဆီဂျင်ကို ထုတ်လွှတ် ပေးသည်။ ထို့ကြောင့် သစ်ပင်သစ်တောများ ကို ကမ္ဘာမြေ၏ အဆုတ်ဟုပင်တင်စားထားသည်။ ထို့အတူ အပူအအေးကို ထိန်းညှိပေးခြင်း၊ မြေဆီလွှာတိုက်စား မှုကို ထိန်းသိမ်းပေးခြင်း၊ ကမ္ဘာ့ရေချို သယံဇာတကိုထိန်းသိမ်းပေးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ် ပေးခြင်း အစရှိသည့်ဝန်ဆောင်မှုများအပြင် လူသားတို့၏စားဝတ်နေရေးနှင့် စီးပွားရေးအဆင်ပြေ စေရေးအတွက် ကြီးမားစွာဝန်ဆောင်မှုပေးအပ်၏။
သစ်ပင်သစ်တောများကို အတိုင်းအဆမဲ့ခုတ်တွင် လာမှုကြောင့် ပတ်ဝန်း ကျင် သည်လည်း ပို၍ပျက်စီး လာကြောင်းတွေ့ရှိရသည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးသည် လူသားတိုင်းအလေး ထားဆောင်ရွက်ရမည့် တာဝန် တစ်ရပ်ဖြစ်သည်။ ပတ်ဝန်းကျင်သန့်ရှင်းမှသာ လူသားနှင့်အပင်တို့ အဓွန့်ရှည် တည်တံ့ကာ ကမ္ဘာမြေကြီးသည်လည်း စိမ်းလန်းစိုပြည် သာယာ လျက် သဘာ၀၀န်ဆောင်မှုများကို ကောင်းစွာ ပေးအပ်နိုင်မည်ဖြစ်၏။ ပတ်ဝန်းကျင်မသန့်ရှင်းလျှင် ဤကမ္ဘာလောကမှာ လည်း ပျက်စီး ဆိတ်သုဉ်းသွား နိုင်သည်။ ကမ္ဘာ့လူသားတိုင်းအနေဖြင့် ပတ်ဝန်းကျင် သန့်ရှင်းအောင်သူ့တာနှင့်သူ လုံခြုံအောင်ထိန်းသိမ်း နိုင်စွမ်းရှိကြသည်။ အမှန်တကယ်လိုက်ပါလုပ်ဆောင် ရေးသာလိုအပ်သည်။
အထူးသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အသိတရားမြင့်မြင့်မားမား ထားရှိကာ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိအောင် ထိန်းသိမ်းတတ်ရေး လိုအပ်သည်။
သာဓကအားဖြင့် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြံကွက်လပ်၌ သစ်ပင်၊ ပန်းမန်၊စားပင်နှင့်ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်ပင် သစ်တော များကို ထိန်းသိမ်းတတ်ခြင်းနှင့် အကြောင်းမဲ့မခုတ် လှဲခြင်း၊ အမှိုက်များကိုမီးမရှို့ခြင်း၊ စနစ်တကျစွန့်ပစ် ခြင်း၊ ရေစီးရေလာ ကောင်းမွန် အောင်စီမံခြင်း၊ စိုက်ပျိုးမွေးမြူရေးကို သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ သဘာဝ မြေသြဇာဖက်စပ်အသုံးပြုခြင်း၊ ရေချွေတာခြင်း၊ လျှပ်စစ်စွမ်းအင် ချွေတာခြင်း စသည်တို့မှာ တစ်ဦးချင်း သို့မဟုတ် မိသားစု အလိုက် ဆောင်ရွက် နိုင်သောအချက်များပင်ဖြစ်သည်။
သို့ပါ၍ လူသားအားလုံးအတွက် အရေးပါသော ပတ်ဝန်းကျင်သန့်ရှင်းရေးကို လူသားတိုင်းက ဦးစားပေး လုပ်ငန်းအဖြစ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြမည် ဆိုလျှင် ဘေးဥပဒ်များကင်းရှင်းကာ သက်ရှိလောက တည်တံ့ရေး အထောက်အကူပြုမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
လင်းအာရုဏ်ဦး(ပဲခူး)