ခတ္တာပန်းနှင့်ကျန်းမာရေး

ခတ္တာပန်းနှင့်ကျန်းမာရေး

မိုးလှိုင်လှိုင်ရွာနေပြီဖြစ်သော   ဝါခေါင်လတွင် မိုးရေအဖျန်းမှာ  ပွင့်လာကြသော အထိမ်းအမှတ်  ရာသီပန်းမှာခတ္တာပန်းဖြစ်သည်။ ခတ္တာပန်းသည် ဂမုန်းမျိုးတွင် ပါဝင်သောကြောင့် ယင်းကို ဂမုန်းခတ္တာ ဟုလည်းခေါ်ကြသည်။  လက်ဝါးခန့်ရှည်ဝန်းသော အရွက်ရှိ၍အရွက်အနား  လက်တစ်လုံးခန့်နီသည်။ ဆွေးမြည့်သောမြေနှင့်ကျောက်မြေတို့တွင်ပေါက်၍ ခတ္တာဥမှာ ကြက်ဥ အရွယ်ခန့်ရှိသည်။ အကြောင်၊ အနီ၊  အနက်၊ အဖြူ၊ အရွှေဟူ၍  အရောင်ကိုလိုက်၍ အမျိုးမျိုးခေါ်ဆိုကြသည်။  ကိုယ်ရံကြီးနှင့် လည်းကောင်း၊ လေးကျွန်းကြာခိုင်နှင့် လည်းကောင်းခပ်ဆင်ဆင်တူသည်။ သို့သော် ခတ္တာ ပန်းပင်က မြေအောက်ရှိ ဥမှ အဖူးတံထွက်၍အော်လန် ပုံသဏ္ဌာန်ပန်းပွင့်သည့်အပင်ငယ်ဖြစ်သည်။ ရှည်မျော မျောပွင့်ဖတ်များ ပေါ်တွင် ခရမ်းနုရောင်အစင်းလေးများ နှင့်လှပသော ရိုးတံရှည်ပန်း လေးဖြစ်သည်။

ရုက္ခဗေဒအလိုအရ ခတ္တာပန်းသည် Amaryllidaceae မျိုးရင်းဝင်ဖြစ်၍ Amaryllidoideae  မျိုးကွဲ ဖြစ်ကာ၊  မျိုးရိုးမှာ  Hippeastrum ဖြစ်သည်။

အင်္ဂလိပ်အမည်အားဖြင့် Amaryllis သို့မဟုတ် Tulip ဟုခေါ်ကြပြီး  နိုင်ငံတော်တော်များများ၌ Tulip (ကျူးလစ်ပန်း)ဟု  လူသိများသည်။  ကမ္ဘာပေါ်တွင်  အလှပဆုံးနှင့် အထင်ရှားဆုံးပန်းများတွင် ခတ္တာပန်း လည်း ပါဝင်သည်။  ခတ္တာပန်းသည် ကမ္ဘာသုံးပန်း ဖြစ်သည့်အလျောက် အမျိုးမျိုးသောမျိုးစိတ်များနှင့်  မျိုးစပ်ပြီး  စိုက်ပျိုးကြသဖြင့် ပန်းပွင့်ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးရှိကြကာ အပင်မျိုးစိတ် ၁၀၀ ကျော်

ရှိကြောင်း လေ့လာသိရသည်။

မတူညီသော  မျိုးစိတ်ကြောင့်အရောင်အမျိုးမျိုး   ပွင့်ကြသော်လည်း ဆေးဖက်ဝင်အာနိသင်မှာမူကွဲပြားခြင်းမရှိပါ။ သို့သော် ရုက္ခမူလ သဘောသဘာဝအရ ပန်းအပွင့်အရောင်ရင့်လေ ဆေးစွမ်းပို၍ ထက်မြက်လေ ဖြစ်သည်။ သတိပြုရမည့် ခတ္တာပန်း၏ထူးခြားချက်မှာ လူ့ခန္ဓာကိုယ်တွင်းအနာရောဂါများအတွက်အခြားသော   ပန်းပင်များကဲ့သို့ အပွင့်၊ အဖူး၊ အရွက်၊ ပင်စည်၊ အမြစ်ဥ စသည့်ပÍ္စငါးပါးတို့ကို    တိုက်ရိုက်စားသုံးခြင်းမျိုး  မဟုတ်ဘဲ ဆေးဝါးအဖြစ် ဖော်စပ်ရာ၌ ပစ္စည်းတစ်ဖုံ  အဖြစ် ထည့်ဝင်အသုံးပြုကြခြင်းဖြစ်သည်။ ခန္ဓာကိုယ်ပြင်ပ (အရေပြားပေါ်က) အနာရောဂါများအတွက်ကိုမူ  တိုက်ရိုက်အသုံးပြုနိုင်သည်။

      ရင်ကျပ်ပန်းရောဂါများ၊   ဆီးချုပ်ရောဂါများ၊ ဆီးကျောက်တည်ခြင်းနှင့် အမူးအမော်ရောဂါများ  စသည်တို့ ကုသပျောက်ကင်းရန်အတွက် မြန်မာ့  တိုင်းရင်းဆေးများတွင်ခတ္တာပန်းကို ထည့်သွင်းအသုံးပြုလေ့ရှိကြသည်။

      ဆီးသွားနိုင်သည့် ဂုဏ်သတ္တိရှိသဖြင့် ဆီးရောဂါ သမားများအတွက် အထူးကောင်းကျိုးပြုပေးနိုင် သည်။

      ချောင်းဆိုးခြင်းနှင့်    အအေးမိခြင်းတို့အတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သလို ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ ကြွက်တက်နာ၊  ခေါင်းကိုက်ခြင်းအတွက် အသုံးပြုနိုင်သည်။

      အင်းဆက်ပိုးမွှားကိုက်ခြင်း၊ ပျားတုပ်ခြင်း၊ အရေပြား ပေါ်ရှိ  အပူလောင်ခြင်းနှင့်အဖုအပိမ့်များကို အမြန်သက်သာရာရစေသော အာနိသင်ရှိသည်။ ရေနွေးပူပူတွင် ခတ္တာပန်း ၂ ပွင့် မှ ၄ ပွင့်ခန့်ကို ထည့်၍ ၎င်းင်းပြုတ်ရည်ဖြင့် အရေပြားပေါ်လိမ်းပေး ပါ။

      တချို့နိုင်ငံများတွင် ခတ္တာပန်းမှအဆီထုတ်ယူပြီး ၎င်းင်းအဆီကို ရနံ့ကုထုံးအဖြစ် အသုံးပြုကြသည်။ ခတ္တာပန်းဆီက စိတ်အာရုံခံစားမှုကို ကြည်လင် ကောင်းမွန်စေပြီး စိတ်ဖိစီးမှုများကိုလျော့ကျစေပါ သည်။ နာတာရှည်အိပ်မပျော်ခြင်း၊ စိတ်ကျရောဂါ များအတွက်ကိုလည်း  ခတ္တာပန်းဆီကုထုံးက  လွန်စွာကောင်းကျိုးပြုပါသည်။

      ရေချိုးကန်ထဲတွင် ခတ္တာပန်းအဆီ ၄ စက် ၅ စက်ခန့်ထည့်ကာ ရေစိမ်ချိုးပေးခြင်းဖြင့် စိတ်ကို လန်းဆန်းတက်ကြွစေပါသည်။

      ခတ္တာပန်းအဆီကို   အလှကုန်ပစ္စည်းထုတ်လုပ် ရာတွင်   ထည့်သွင်းအသုံးပြုလေ့ရှိကြသည်။ ၎င်းင်းအဆီက အသားအရေကို နူးညံ့ချောမွေ့စေ  ခြင်း၊    အသားအရေတင်းရင်းလှပစေခြင်း၊  အရွယ်တင်နုပျိုစေခြင်း၊ အသားအရေခြောက်သွေ့ ယားယံခြင်းကိုသက်သာစေခြင်း၊ မီးလောင်ဒဏ်ရာ အပါအဝင် အမာရွတ်များကိုပြေပျောက်စေခြင်း စသည်ဖြင့်  အသားအရေထိန်း သိမ်းမှုအတွက် အသုံးဝင်ပါသည်။

(သတိပြုရန်)

(က) ခတ္တာပန်းအဆီ၏ ဆေးဖက်ဝင်အာနိသင်က ထက်မြက်သည် မှန်သော်လည်း တချို့သူများ တွင် ပန်းရနံ့ဖြင့်  ဓာတ်မတည့်သော မွေးရာပါ ရောဂါ ရှိတတ်ကြပါသည်။ ထိုသူများအနေဖြင့်  ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ခန္ဓာကိုယ် ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း စသည့် ဝေဒနာတစ်ခုခုခံစားရပါက ခတ္တာပန်းဆီကို  သုံးစွဲခြင်းမှ ရပ်လိုက်ပါ။

(ခ)       ခတ္တာပန်းကုထုံးကို ယခင်က လုံးဝအသုံးမပြုဖူး သေးသောကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များအနေဖြင့်    မလိုလားအပ်သောကိစ္စများ ရှောင်လွှဲနိုင်ရန်အတွက် ဆရာဝန်နှင့်ဆွေးနွေး

ပြီးမှသုံးစွဲသင့်ပါသည်။

(ဂ)       ခတ္တာပန်းဆီကို   မျက်လုံးနှင့်ထိတွေ့ခြင်း ရှောင်ကြဉ်ပါ။   ။

ပေါက်ပေါက်