မုဒုံမြို့၌ ငှက်ပျောများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေရရှိ

မုဒုံမြို့၌ ငှက်ပျောများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ မိသားစု အပိုဝင်ငွေရရှိ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ဒေသခံ ပြည်သူများ၏ နေအိမ်ခြံဝင်း အတွင်းနှင့် မြေလွတ်နေရာများ၌  တစ်ပိုင်တစ်နိုင်  စိုက်ပျိုးသော ငှက်ပျောပင်များ အောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၌ ငှက်ပျောကို ရခိုင်မျိုး၊ ငှက်ပျောချဉ်၊ ဖီးကြမ်းမျိုးနှင့် သီးမွှေးမျိုးတို့ကို စနစ်တကျစိုက်ပျိုးကြပြီး ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောကို အများဆုံး စိုက်ပျိုးကြသည်။ 

ငှက်ပျောပင်များ စိုက်ပျိုးရာ၌ ငှက်ပျောပင်သားတက်များကို အရွယ်ငယ်ငယ်တွင်ခွဲပြီး ၄ ပေ သို့မဟုတ်  ၆ ပေခြား၍ အတန်းလိုက် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး ၁၀ လအကြာတွင် ငှက်ပျောခိုင် စတင်ထွက်ရှိရာ အခိုင် ထွက်၍ နှစ်လခွဲခန့်တွင် ခုတ်ယူရောင်းချရကြောင်း၊ ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၁၀၀၀ မှ ၂၀၀၀ အထိ  ရောင်းချရပြီး  တစ်ခိုင်လျှင် ပျမ်းမျှ ငွေကျပ် ၈၀၀၀ ဝန်းကျင် ရရှိကြောင်း ငှက်ပျော စိုက်တောင်သူ တစ်ဦးကပြောသည်။

ယခုအခါအချို့မွေးမြူရေး တောင်သူများအနေဖြင့် တစ်မြောင်းတစ်ဘောင် စနစ်  စိုက်ပျိုးရေး လုပ်ငန်းကို  တွဲဖက်လုပ်ကိုင်လာကြပြီး ငှက်ပျောပင်များကို ကြားညှပ် စိုက်ပျိုး လာကြကြောင်း သိရသည်။