အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ဝူရှူးအားကစားတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုထပ်မံဆွတ်ခူး

 

အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ဝူရှူးအားကစားတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုထပ်မံဆွတ်ခူး

နေပြည်တော်  သြဂုတ် ၅

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများကို ထိုင်းနိုင်ငံ အူဘွန်ရတ်ချဌာနီမြို့၌  ကျင်းပလျက်ရှိရာ  ယနေ့နံနက် ၁၀ နာရီတွင် Sunee  Tower ၌ ကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များတွင် မြန်မာဝူရှူး အားကစားအဖွဲ့မှ  မအေးသစ္စာမြင့်က ငွေတံဆိပ်ဆုနှင့်  မောင်ခန့်မင်းထက်က ကြေးတံဆိပ်ဆုများကို  ထပ်မံဆွတ်ခူးရရှိသည်။

ယနေ့ကျင်းပသည့် ဝူရှူးပြိုင်ပွဲတွင် ပွဲစဉ်လေးမျိုး ကျင်းပခဲ့ပြီး ပွဲစဉ် (၂) ဖြစ်သည့် အမျိုးသမီး နန်းချွမ်ပြိုင်ပွဲ၌  ဒဂုံတက္ကသိုလ်ကျောင်းသူ မအေးသစ္စာမြင့် ဝင်ရောက် ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၅၂ဖြင့် ဒုတိယငွေတံဆိပ်ဆုကို ရရှိကာ ပွဲစဉ်(၄)ဖြစ်သည့် အမျိုးသား ထိုက်ချိချွမ် ပြိုင်ပွဲတွင် ကျောက်ဆည် တက္ကသိုလ် ကျောင်းသားမောင်ခန့်မင်းထက် ဝင်ရောက် ယှဉ်ပြိုင်ရာ ရမှတ် ၉ ဒသမ ၄၁ ဖြင့် တတိယကြေးတံဆိပ်ဆုကို ရရှိပြီး မြန်မာဝူရှူး အားကစားအဖွဲ့အနေဖြင့်    ဝူရှူးအားကစားနည်း နှစ်မျိုးကို ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစားအဖွဲ့အနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်း လေးမျိုးတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ  ယမန်နေ့က ဆွတ်ခူးရရှိသော ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ဘောလုံးအားကစား ပြိုင်ပွဲမှ ကြေးတံဆိပ် တစ်ခုအပါအဝင် ယနေ့အထိ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် ၂ ခုကို ရရှိပြီး ဖြစ်ကြောင်း  သိရသည်။